ကျုံပျော် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ကျေးရွာအုပ်စု၊ သပြေငူကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ဦးသန်းဝင်းရဲ့ နေအိမ်မှာ ဒီကနေ့ မနက်အာရုံမတက်ခင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ သူ့အိမ်ကပေါက်ကတာတော့ ဟုတ်တယ်၊ ဘယ်လိုဖြစ်တာလဲတော့ မသိလိုက်ဘူး၊ မနက်အစောပိုင်းဆိုတော့ အသံကတော့ တော်တော်ကျယ်တာပေါ့၊ ဒီမနက်ပိုင်းတော့ စစ်သားတွေရောက်လာတာတွေ့တယ်”လို့ ဒေသခံက ပြောပါတယ်။
ဦးသန်းဝင်းဟာ စစ်မှုထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးဖို့အတွက် သတင်းပေးတာတွေပြုလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခံရတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံက ဆိုပါတယ်။
ဦးသန်းဝင်းနေအိမ်ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ မနက်ပိုင်းမှာ ရောက်လာကာ ဒေသခံပြည်သူတွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့သလို ရွာအဝင်အထွက်လမ်း ကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျုံပျော်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းက မြို့နယ်လျှပ်စစ်ရုံးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

