ဆားလင်းကြီး – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကတည်းက ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျားတက်ရဲစခန်းက အာဏာသိမ်းစစ်တပ်ဟာ စခန်းကို စွန့်ခွာပြီး ပုလဲမြို့ပေါ်ကို ထွက်ပြေးသွားခဲ့တယ်လို့ ဆားလင်းကြီး ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“စခန်းသိမ်းပွဲတော့ မလုပ်လိုက်ရဘူး။သူတို့ဘာသာ စခန်းကိုစွန့်ခွာသွားပြီး ပုလဲမြို့ကို ပူးပေါင်းသွားကြတာ။ဒါပေမယ့် ကျနော်တို့ဘက်က အဝေးပစ်တွေနဲ့တော့ အရင်ညတွေကထုတယ်”လို့ အဆိုပါ ပ.က.ဖအဖွဲ့ဝင်ကပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်၊ နံနက်ကလည်း ကျားတက်စခန်းကနေ ထွက်ပြီးကင်းလှည့်တဲ့ အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ခုနှစ်ဦးသေဆုံးပြီး G 4၊ G 3 ၊ MA 3၊ MA 1 လက်နက်ငယ်တွေ စုစုပေါင်း လေးလက်နဲ့အတူ ခလက်ပစ်ဗုံး၊ စစ်အသုံးအဆောင်ပစ္စည်းတွေပါ ရရှိခဲ့ပါသေးတယ်။
မနေ့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ကျားတက်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး တကယ်တမ်းမှာ အာဏာသိမ်းစစ်တပ်ဘက်က ဦးစွာ စခန်းကို စွန့်ခွာသွားခဲ့တာဖြစ်ပါတယ်။
” ခုစခန်းစွန့်ခွာတာတော့ သူတို့ဘက်က ကျွန်တော်တို့ဘက်ကိုကြောက်လို့စွန့်ခွာ
တာလား၊ စစ်ဗျူဟာအရစွန့်ခွာတာလားတော့မသိပါဘူး။ နိုဝင်ဘာလ ၁၂ရက်ကတော့ လေကြောင်းပစ်ကူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာပစ်တယ်။ ပုလဲမြို့ပေါ်က စစ်သားတွေလာကူတယ်။ နိုဝင်ဘာ၁၅ရက်နေ့ ညနေပိုင်းမှာတော့ လာကူတဲ့ စစ်သားတွေနဲ့အတူ စခန်းရှိ စစ်သားတွေပါ ပုလဲမြို့ပေါ်ကို ပါသွားတယ်”လို့ ဆားလင်းကြိီးမြို့နယ် ပကဖအဖွဲ့က ပြောပါတယ်။
ကျားတက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ချိန်မှာတော့ ကျည်ဆန်အနည်းငယ်ကလွဲရင် ဘာမှမကျန်တော့ဘဲ အကုန်နီးပါးသိမ်းယူကာ စစ်သားတွေ ထွက်ခွာသွားတာပါ။
ပုံစာ – နိုဝင်ဘာ ၁၂ ရက် ကျားတက်စခန်းမှ ထွက်ကာ ကင်းလှည့်သည့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရာ ရရှိသည့် လက်နက်များ
ဓါတ်ပုံ – Supplied