ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မေ ၂၁ (မော်ကွန်း)
ပြင်ဆင်ဖို့အတည်ပြုထားတဲ့ အခြေခံဥပဒေပုဒ်မသုံးခုအတွက် လာမယ့်ရွေးကောက်ပွဲနဲ့အတူ ပူးတွဲပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် ကျပ်ငွေ ၁၅ ဘီလီယံနီးပါး ပိုမိုကုန်ကျနိုင်တဲ့အတွက် ဒီပြင်ဆင်ရေးကိုရွှေ့ဆိုင်းထားဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့အကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ လက်ခံလိုက်ပါတယ်။
ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဃ)ပါ “စစ်ရေး” ဆိုသည့် စကားရပ်အစား “ကာကွယ်ရေး” အဖြစ် အသုံးအနှုန်းပြောင်းဖို့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းမှာ ပြင်ဆင်ခဲ့တာပါ။ အခုသက်တမ်းမှာတော့ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)နဲ့(ခ)တိုမှာ ပြဌာန်း ထားတဲ့ “အိုမင်းမစွမ်းသူများ”၊ “ မသန်မစွမ်းသူများ” ဆိုတဲ့ စကားရပ်တွေအစား “သက်ကြီးရွယ်အိုများ”၊ “ မသန်စွမ်းသူများ” ဆိုပြီး ပြင်ဆင်ဖို့ အတည်ပြုထားတာဖြစ်ပါတယ်။
၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)မှာ ပြဌာန်းထားတဲ့ အခြေခံဥပဒေပါ ပုဒ်မများ ပြင်ဆင်ရေး သတ်မှတ်ချက်တွေအရ အထက်ပါပုဒ်မတွေကိုပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်က သဘောတူတာအပြင် လူထုဆန္ဒခံယူပွဲတွေကျင်းပပြီး ထောက်ခံသူများမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
“ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခြင်းကြောင့် နိုင်ငံတော်၏ အရေးအရာကိစ္စများ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်များ၏ လုပ်ငန်းများအပေါ် ပြောင်းလဲအကျိုးသက်ရောက်မှုများစွာ မရှိသောကြောင့်လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှုအခြေအနေအရလည်ကောင်း၊ နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပါတယ်” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါတယ်။
ဒီပုဒ်မသုံးခုပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ရင် ရွေးကောက်ပွဲကျင်းပရာမဲရုံတွေမှာ ပူးတွဲ မဲပေးခန်းတွေတိုးချဲ့ပြင်ဆင်ရမှာဖြစ်သလို မဲရုံတစ်ခုမှာ ဝန်ထမ်းသုံးဦးနဲ့ အခြားဆန္ဒခံယူပွဲဆိုင်ရာ အထောက်အကူပစ္စည်းတွေလည်း ပိုမိုလိုအပ်မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်အတာနဲ့ဆိုရင် ကုန်ကျငွေ “ ကျပ်သန်းပေါင်း ၁၄,၆၆၆ ဒဿမ ၃၁၄ သန်းကို အနည်းဆုံး အကုန်ကျခံသုံးစွဲရမယ်လို့ တွက်ချက်ရရှိခဲ့ပါတယ် ” လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က တင်ပြပါတယ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews