ကျပ်ငွေတန်ဖိုးထိုးကျ၊ ရွှေနဲ့ဒေါ်လာစျေးစံချိန်တင်မြင့်တက်

ကျပ်ငွေတန်ဖိုးထိုးကျ၊ ရွှေနဲ့ဒေါ်လာစျေးစံချိန်တင်မြင့်တက်

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၈ (မော်ကွန်း)

ယခုရက်ပိုင်းအတွင်း ရွှေဈေးနဲ့ဒေါ်လာဈေးတွေ စံချိန်တင်ခုန်တက်ခဲ့တယ်လို့ ရွှေနဲ့ဒေါ်လာဈေးကွက်အတွင်းက သိရပါတယ်။

ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၃၅ သိန်းဝန်းကျင်ရှိနေတဲ့ အခေါက်ရွှေဈေးနှုန်းဟာ နှစ်ပတ်ကျော်ကာလအတွင်း တရိပ်ရိပ်နဲ့ မြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ တစ်ကျပ်သားကို ၃၉ သိန်းကျော်ကို ရောက်ရှိလာပြီလို့ ဈေးကွက်အတွင်းကသိရပါတယ်။

ယခုလမှာ စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူစတင်ထုတ်ဝေခဲ့ပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့တာလို့ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“လုံးဝထိန်းလို့မရအောင် တက်နေပြီ၊ ဒီနေ့မနက်စဖွင့်တည်းက ၃၈ သိန်းနဲ့ စတာ ညနေပိုင်းမှာ ၃၉ သိန်းကျော်သွားတယ်၊ အပြင်ဆိုင်တွေရောင်းဈေးက ဒီထက်များတယ်၊ ၄၀ နားကပ်နေပြီ” လို့ ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် ကျပ်ငွေအစား ရွှေကိုင်ထားသူတွေလည်း များလာတဲ့အတွက် ယခုရက်ပိုင်းမှာ ရွှေအဝယ်လိုက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

” ဈေးတက်လာတော့ အဝယ်လိုက်လာတယ်၊ ရောင်းတဲ့သူတွေကလည်း ထိန်းရောင်းနေကြရတယ်၊ အချို့ကတော့ ဘဏ်ထဲထည့်ထားတဲ့ပိုက်ဆံက တန်ဖိုးကျသွားတယ်ဆိုပြီး ရွှေဝယ်ပြီး ကိုင်လာတာတွေရှိလာတယ် ” လို့ သူကပြောပါတယ်။

ယခုတစ်ကြိမ်ရွှေဈေးမြင့်တက်မှုနှုန်းဟာ စံချိန်တင်မြင့်တက်သွားတာဖြစ်ပြီး ကျပ်နှစ်သောင်းတန်ထုတ်ဝေမှု၊ ဒေါ်လာဈေးမြင့်တက်မှုတွေကြောင့် အခုလို ရွှေဈေးလည်းလိုက်တက်လာတာဖြစ်တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

အလားတူ ဒေါ်လာဈေးဟာလည်း ဒီနေ့ညနေပိုင်းမှာ တစ်ဒေါ်လာကို ၃,၉၀၀ ကျပ်ဝန်းကျင်ထိမြင့်တက်ခဲ့တယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၃,၂၀၀ ကျပ်ဝန်းကျင်ရှိနေရာက ယခုလအတွင်းမှာ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာပါ။

“အခုဒေါ်လာက ဝယ်ချင်ပါတယ်ဆိုတောင် ဝယ်မရတော့ဘူး၊ ကောင်တာတွေလည်း မရောင်းတော့ဘူး၊ နှစ်သောင်းတန်စထုတ်တဲ့ ဂယက်လို့ပြောရမယ်။ အဲဒီ့အချိန်ကတည်းက တောက်လျှောက်တက်လာတာ” လို့ ဒေါ်လာဝယ်ရောင်းပြုလုပ်သူတစ်ဦးက ပြောပါတယ်။

ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးကလည်း “အဓိကတော့ မြန်မာငွေက တော်တော်ထိုးကျသွားတာလို့ ပြောလို့ရတယ်၊ ဒေါ်လာတင်မကဘူး၊ ဘတ်ဈေးလည်း စံချိန်တင်တန်းတစ်ခုကို ရောက်နေပြီ၊ လုံးဝကမောက်ကမ အခြေအနေတစ်ခုပေါ့။ အရောင်းအဝယ်သမားတွေကတော့ ဒီအချိန်ရောင်းမှားဝယ်မှားမဖြစ်အောင်ပဲ ဈေးကွက်အခြေအနေကြည့်ရောင်းရတာပေါ့။ ဈေးကတော့ မတည်ငြိမ်သေးဘူး” လို့ သုံးသပ်ပါတယ်။

လက်ရှိမှာ ရွှေနဲ့ ဒေါ်လာဈေးတွေအပြင် ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေလဲနှုန်းတွေဟာလည်း မြင့်တက်နေပြီး ထိုင်းတစ်ဘတ်ကို ၁၀၉ ကျပ်ဝန်းကျင်ထိရှိလာပြီး တရုတ်တစ်ယွမ်ကို မြန်မာငွေ ၅၂၀ ကျပ်ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။

ပုံစာ – ရွှေလုပ်ငန်းရှင်အသင်းကရောင်းချတဲ့ အခေါက်ရွှေတုံး
Photo – YGEA


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."