ကော့ကရိတ်မှာ လေးကြောင်းတိုက်ခိုက်မှုပြင်းထန်တာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ မြို့ကိုစွန့်ခွာ

ကော့ကရိတ်မှာ လေးကြောင်းတိုက်ခိုက်မှုပြင်းထန်တာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ မြို့ကိုစွန့်ခွာ

ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၅ (မော်ကွန်း)

တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်တာကြောင့် မြို့ပေါ်ကဒေသခံ ထောင်နဲ့ချီကာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ယခုလ ၁ ရက်ကစပြီး ကော့ကရိတ်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်မှာပါ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လာပါတယ်။

လေကြောင်းနဲ့ နေ့စဉ်လာရောက်ပစ်ခတ်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ မြဝတီ၊ ကျုံဒိုး၊ ဘားအံ စတဲ့မြို့တွေကို ထွက်ပြေးကြရပြီး အဲ့ဒီမြို့တွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ ကော့ကရိတ်မြို့ပေါ်ကို နေ့စဉ်ပျံဝဲနေသလို ညပိုင်းတွေမှာလည်း လေကြောင်းကနေ မကြာခဏပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ကို စွန့်ခွာလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညညဆိုရင် လေယာဉ်တွေနဲ့ လာလာပစ်နေတာ။ ဗုံးတွေလည်း ဆက်တိုက်ကြဲတယ်။ ဘယ်လိုမှ အိမ်မှာနေမရတော့ဘူး။ အိပ်လို့လည်း မရကြတော့ဘူး။ အဲ့ဒီတော့ မြို့ကထွက်ကြမယ်ဆိုပြီး မနေ့က ထွက်လာလိုက်တယ်။ ဘားအံက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝင်ခိုနေရတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

ယခုလ ၃ ရက်နေ့ကစပြီး ပရဟိတအသင်းတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ကော့ကရိတ်မြို့တွင်း ပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ထုတ်ပေးနေပြီး ကော့ကရိတ်မြို့ကနေ ထွက်လာတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီရှိတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကော့ကရိတ်ဒေသခံ ကိုစောကြီးက ပြောပါတယ်။

“မြို့ပေါ်မှာတော့ လူနည်းနည်းပဲ ကျန်တော့တယ်။ အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့လည်း အရဲစွန့်သွားနေရတာ။ အခြေအနေမကောင်းတော့ဘူး။ လေယာဉ်နဲ့ တောက်လျှောက်ပစ်နေတယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းရဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းကိုလည်း ပိတ်ထားရတာကြောင့် အဲ့ဒီနေရာမှာ မြဝတီနဲ့ အတက်အဆင်း ကုန်တင်ကားတွေ၊ ခရီးသည်တင်ကား ပိတ်မိနေတယ်လို့ ဘားအံ-မြဝတီ ခရီးသည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“လမ်းပိတ်နေပေမယ့် မဖြစ်မနေဆိုရင် ဖြတ်သွားလို့ရတဲ့ လမ်းတော့ရှိတယ်။ ကော့ကရိတ်ကို ပတ်ပြီးသွားလို့ရတဲ့ လမ်းတွေရှိတယ်။ အာရှလမ်းလောက်တော့ လမ်းမတွင်ပေမယ့် အဲ့ဒီဘက်မှာ ထွက်လို့ရတဲ့ လမ်းတွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ဒီလမ်းတွေက ကိုယ်ပိုင်ကားတို့ ကားလေးတို့ပဲ သွားလို့ရတယ်။ ကုန်ကားတွေကတော့ ပိတ်နေတုန်းပဲ” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကော့ကရိတ်မြို့တွင်းမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပြီး မြို့တွင်းမှာလည်း အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ သုံးရက်ခန့်ရှိပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ကို ထိုးစစ်ဆင်ရာမှာ ပါဝင်နေတဲ့ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစု Lion Battalion စစ်ကြောင်းကတော့ ကော့ကရိတ်၊ ကျိုက်မရောနဲ့ ချောင်းနှစ်ခွမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအများအပြားအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ခြေလျင်တပ်တွေဟာ အခြေအနေဆိုးရွားနေတာကြောင့် လေကြောင်းပစ်ကူ အများအပြားကို အခုလို အသုံးပြုပြီး တောင့်ခံနေတယ်လို့လည်း Lion Battalion စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပုံစာ – လူသူကင်းမဲ့နေတဲ့ ကော့ကရိတ်မြို့
ဓာတ်ပုံ – ဒေါနခရီးသွား

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."