ကော်သူးလေ – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း)
ဒီကနေ့ နံနက်အစောပိုင်း ကော့ကရိတ်မြို့က အာဏာသိမ်းစစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အခုအချိန်မှာ ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေဆီကို စစ်တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ထည့်နေကြောင်း ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့နံနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တံတားကျိုးဂိတ်၊ ခမရ ၂၃၁ တပ်ရင်းအပါအဝင်နေရာတချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထုံးစံအတိုင်း မြေပြင်တပ်တွေကို ကူဖို့ လေကြောင်းကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ကာ မိနစ် ၂၀ ဝန်းကျင်ပစ်ခတ်ခတ်ခဲ့ပါတယ်။
ထိတွေ့ပစ်ခတ်မှုတွေပြီးဆုံးသွားပေမယ့်လည်း အာဏာသိမ်းစစ်တပ်ဘက်က ပြည်သူတွေနေထိုင်တဲ့မြို့တောင်ဘက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတုန်းပါ။
“ဒါကသူတို့ထုံးစံပဲ၊ သူတို့အလုပ်ခံရရင် အမြဲပြည်သူဆီပဲပစ်ထည့်တာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးရာမှာ နှစ်ဘက်ထိခိုက်ကျဆုံးတွေနဲ့ပတ်သက်လို့ အတိအကျမသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်က ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ပစ်ထည့်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြရပါတယ်။
ကောကရိတ်မြို့တောင်ပိုင်း ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာ ဒီနေ့နဲ့ဆိုရင် ၄၈ ရက်ရှိလာပါပြီ။
#Dailynews

