ဗညားကျော်
ရန်ကုန်- ၂၀၂၀ မတ် ၁၈ (မော်ကွန်း)
ကိုရိုနာဗိုင်းရပ်စ်သတင်းတွေအချိန်နဲ့တပြေးညီ ရရှိဖို့အတွက် အင်တာနက်လိုင်းဖြတ်တောက်ထားတဲ့ မြို့နယ်တွေကို လိုင်းပြန်ဖွင့်ပေးဖို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက တောင်းဆိုချက် ထုတ်ပြန်ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်းတော မြို့နယ်တွေကို အစိုးရက အင်တာနက်ဖြတ်တောက်ခဲ့တာ တစ်နှစ်ခန့် ရှိနေပါပြီ။
“ သတင်းအချက်အလက်ကို ပိတ်ထားတဲ့ကိစ္စက ကူးစက်ခံရရင် အခြေအနေက ဆိုးကောင်းဆိုးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ထိခိုက်ရင် ထိန်းမရ၊ သိမ်းမရ အခြေအနေမှာ ရှိတယ်။ ဒါကိုစိုးရိမ်တာပေါ့။ ဒါကိုအစိုးရက သဘောပေါက်ပြီးမှ သတင်းအချက်အလက်တွေရနိုင်အောင် လုပ်ပေးပေးစေချင်တာပါ” လို့ စစ်တွေအခြေစိုက်၊ ဒီအရပ်ဖက်အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ စစ်ဘေးရှောင်စခန်းတွေက လျှပ်စစ်မီးမရှိတော့ သတင်းအချက်အလက်ကို လက်လှမ်းမှီနိုင်တဲ့ အခြေအနေမှာမရှိပါဘူး။ နောက်ဆုံး သတင်းအချက်အလက်တွေရရှိဖို့က အဆင်မပြေတဲ့ အခြေအနေမှာရှိနေတယ်” လို့ သူက ဆိုတယ်။
တပ်မတော်နဲ့AA ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် တစ်သိန်းခွဲခန့် ရှိလာချိန်မှာ ဒီဗိုင်းရပ်စ် ပိုး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်စခန်းတွေကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံတကာအကူအညီအများစုဟာ ရပ်တန့် သွားဖို့လည်း ရှိနေတယ်လို့ သူကပြောတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မနေ့ကအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူစက် ခံရသူ မရှိသေးပါဘူး။ ဒါအပြင် စောင့်ကြည့်/သံသယ လူနာတွေ တွေ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ ရခိုင်ပြည် နယ်လည်း မပါဝင်သေးပါဘူး။
ပုံစာ – ရခိုင်ပြည်နယ် မြို့နယ်တစ်ချို့တွင် အင်တာနက်ကွန်ရက်ဖြတ်တောက်ခံ
#Dailynews