ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်လိုက်သည့် ကန်ကြီးထောင့်မြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ပြန်ရရန် ဧရာဝတီတိုင်းအစိုးရ ညှိနှိုင်းပေးထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်လိုက်သည့် ကန်ကြီးထောင့်မြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ပြန်ရရန် ဧရာဝတီတိုင်းအစိုးရ ညှိနှိုင်းပေးထား

အောင်ပိုင်
ရန်ကုန် – ၂၀၂၀ မတ် ၆ (မော်ကွန်း)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်လိုက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမန်အထည်ချုပ်စက်ရုံ ပြန်ဖွင့်သည့်အခါ အလုပ်သမားများ မူလအတိုင်း အလုပ်ပြန်ရရန် အလုပ်ရှင်များနှင့် ညှိနှိုင်းပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

ယင်းစက်ရုံတွင် အလုပ်သမား တစ်ထောင်ကျော်ရှိပြီး တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပစ္စည်းတင်သွင်းမှု ပြတ်တောက်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၉ တွင် စက်ရုံကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ခဲ့သည်။

“ကုန်ကြမ်းတွေရလို့ စက်ရုံပြန်ဖွင့်တဲ့အခါ ဦးစားပေးအစီအစဉ်နဲ့ အလုပ်သမားတွေကို မူလအလုပ်အတိုင်း ပြန်လည်ခန့်ထားပါမယ်လို့ ပြောတယ်။ လောလောဆယ်မှာတော့ ဥပဒေနဲ့အညီ လျော်ကြေး နစ်နာကြေးတွေကို ပေးပါလိမ့်မယ်” ဟု ဒေါက်တာစိုးဝင်းက ပြောသည်။

စက်ရုံပိတ်ရာတွင် ဥပဒေပါအတိုင်း ၁၄ ရက် ကြိုတင်အသိပေးနိုင်ခြင်းမရှိဘဲ နှစ်ရက်သာကြိုတင်အသိပေးကာ ပိတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

အဆိုပါစက်ရုံမှ အလုပ်သမားများသည် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရသည်ဆိုကာ ချိုးဖောက်ခံရသည်ဆိုကာ ၂၀၁၉ ဒီဇင်ဘာ ၉ မှ ၂၀၂၀ ဇန်နဝါရီ ၁၃ အထိ အလုပ်မဆင်းဘဲ စက်ရုံကိုသပိတ်မှောက်ခဲ့ကြရာ တိုင်းအစိုးရ၏ ညှိနှိုင်းပေးမှုဖြင့်ပြေလည်မှုရခဲ့ပြီးနောက် ပုံမှန်အတိုင်းအလုပ်ပြန်ဆင်းခဲ့ကြသည်။

ယခုစက်ရုံပိတ်သည့်အခါတွင် အလုပ်သမားများ၏ ဝန်ထမ်းကတ်များနှင့် ယူနီဖောင်းများကို ပြန်လည်ပေးအပ်ခိုင်းခြင်းတို့ကြောင့် အလုပ်ပြန်မခန့်ဘဲ အပြီးတိုင်အလုပ်ထုတ်ပစ်မည်ကို စိုးရိမ်၍ အလုပ်သမားများက တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ယင်းစက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် မခိုင်နွေဦးမွန်က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာနိုင်ငံရှိ စက်ရုံ ၁၃ ရုံ ပိတ်သိမ်းသွားရပြီး အလုပ်သမား ငါးထောင်ကျော် လုပ်ငန်းခွင်မှ ရပ်နားခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က မနေ့က ရန်ကုန်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဓာတ်ပုံ – မြတ်မင်း


#Dailynews


အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."