ကျော်ဇေယျ
ရန်ကုန်၊၂၀၂၀၊မတ်-၁၂(မော်ကွန်း)
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် မနေ့က ကြေညာပြီးနောက် ယနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း လုပ်ဆောင်ရန်ရှိတာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် ဆောင်ရွက်မယ့် အစီအမံတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
မတ်လ ၁၁ ရက်အထိ စာရင်းတွေအရ WHO ရဲ့ ထုတ်ပြန်ချက်အရ COVID 19 ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပေမယ့် မြန်မာနိုင်ငံမှာတော့ ယနေ့ရှိမတွေ့ရှိရသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁၁၈,၃၂၆ ကို ကူးစက်ခံထားရပြီး ၄,၂၉၂ ဦး သေဆုံးခဲ့ပြီလို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်းမှာ လူပေါင်း ၈၀,၉၅၅ ဦးကို ကူးစက်ခံထားရပြီး ၃,၁၆၂ ဦး သေဆုံး ခဲ့ပြီလို့ဖော်ပြတယ်။ တခြားကမ္ဘာ့နိုင်တွေမှာတော့ လူပေါင်း ၃၇,၃၇၁ ဦးကို ကူးစက်ခံထားရပြီး ၁,၁၃၀ ဦး သေဆုံးခဲ့ပြီလို့ WHO က ထုတ်ပြန်တယ်။
မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၈၈ ဦးနဲ့ သံသယလူနာ နှစ်ဦး ရှိနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စောင့်ကြည့်လူနာတွေထဲက ၇၆ ဦးမှာ ဒီရောဂါပိုး မတွေ့ရဘဲ ရှစ်ဦးကို ဓါတ်ခွဲခန်းရလာဒ်စောင့်နေဆဲဖြစ်ကာ လေးဦးကိုတော့ ဓါတ်ခွဲခန်းနမူနာရယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြတယ်။
#Dailynews

