ဂေထော
ရန်ကုန်၊ ၂၀၂၀ – ဇန်နဝါရီ ၂၇
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မကူးစက်ရေး လူစုလူဝေးများမပြုလုပ်ကြရန်၊ တောရိုင်းတိရစ္ဆာန်အစား အသောက်များ မရောင်းချရန်နှင့် ကောလာဟလသတင်းများမယုံကြည်ကြရန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ (မိုင်းလား) အာဏာပိုင်များက မနေ့ကထုတ်ပြန်လိုက်သည်။
အများပြည်သူကစားကွင်းများ လုပ်ငန်းယာယီရပ်နားရန်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းနှင့် ဘာသာရေးနှင့်ဆိုင်သည့် အခန်းအနားများ ဖျက်သိမ်းရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ကောလာဟလသတင်းများကိုမယုံကြည်ရန်နှင့် မဟုတ်မမှန် လုပ်ကြံသတင်းထုတ်လွှင့်သူများ တွေ့ရှိပါက ပြင်းထန်စွာအရေးယူသွားမည်ဟု သတိပေးထားသည်။
ယခုချိန်ထိ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၈၂၇ ဦးရှိပြီး ၈၁ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။
#dailynews