ကိုယ်ဝန်ဆောင်မိခင် နှစ်သိန်းခုနှစ်သောင်းကျော်အတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည်

ကိုယ်ဝန်ဆောင်မိခင် နှစ်သိန်းခုနှစ်သောင်းကျော်အတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည်

ဂေထော
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း)

COVID-19 တိုက်ဖျက်ရေးကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် နှစ်သိန်းခုနှစ်သောင်းကျော်ကို ကျပ်သုံးသောင်း ထောက်ပံ့ရန် လုပ်ဆောင်နေသည်ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိဖြိုးက မော်ကွန်းကို ပြောသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ” ငွေဗိုက်” အက်ပလီကေးရှင်းမှတစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်များကို ငွေထောက်ပံ့ရန် စီစဉ်ရာတွင် ထောက်ပံ့ကြေးလျှောက်ထားသူ သုံးသိန်းကျော်အနက် နှစ်သိန်းခုနှစ်သောင်းကျော်ကို ထောက်ပံ့ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဒေါ်အိအိဖြိုးက ရှင်းပြသည်။

“ ကိုယ်ဝန်လို့ပြောပြီး အ‌ထောက်အထားမှန်ကန်မှုမရှိတဲ့သူကြ ဖြတ်ချလိုက်တဲ့အခါမှာ နှစ်သိန်းခုနှစ်သောင်းကျော်ရှိပါတယ်”ဟု သူက ပြောသည်။

ယခုထောက်ပံ့ကြေးကို ရယူလိုသည့် ကိုယ်ဝန်ဆောင်မိခင်သည် အထောက်အထားအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပေးထားသော ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း (သို့မဟုတ်) ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းမှ ဆရာဝန်လက်မှတ်အထောက်အထားအပြင် ကိုယ်ဝန်ရှိကြောင်း သိသာစေမည့် အရှေ့တည့်တည့်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတို့ကို “ငွေဗိုက်”အက်ပလီကေးရှင်း၌ ဖြည့်သွင်းကာ မှတ်ပုံတင်ရခြင်းဖြစ်သည်။

မှတ်ပုံတင်မှုအကျုံးဝင်အောင်မြင်သည့် ကိုယ်ဝန်ဆောင်မိခင်ကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money မိုဘိုင်းငွေကြေးဝန်ဆောင်မှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စက်တင်ဘာ ၁၈ ရက်ကစပြီး ထောက်ပံ့ကြေးများ ပေးဆောင်နေပြီဟု သူက ရှင်းပြသည်။

လက်ရှိထောက်ပံ့ရေးစနစ်တွင်အကျုံးဝင်သူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်၊မွန်၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်း‌ဒေသကြီး တို့မှ ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်ကြောင်း သူက ပြောသည်။

ကျန်တိုင်းဒေသကြီး၊ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်ဝန်သည်များသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့မှုအစီအစဥ် ( Maternal and Child Cash Transfer – MCCT) တွင်အကျုံးဝင်ပြီး ဖြစ်သည့်အတွက် ယခု “ငွေဗိုက်” အစီအစဉ်နှင့်ထောက်ပံ့ မှု တွင် မပါဝင်ကြောင်း သူက ရှင်းပြသည်။

ယခု အစီအစဉ်တွင် အကျုံးဝင်သည့် ဝေးလံခေါင်ဖျားဒေသများ၌ နေထိုင်ကြသော ကိုယ်ဝန်ဆောင်မိခင်များအတွက် အုပ်ချုပ်ရေးဌာနများ၊ ကျန်းမာရေးဌာနများ၊ သားဖွားဆရာမများနှင့် ပူးပေါင်းပြီး ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်ခြင်း၊ စာရင်းကောက်ယူခြင်းများ ပြုလုပ် ကာ စာရင်းပြုစုခဲ့ကြောင်း သူက ရှင်းပြသည်။

ယင်းအပြင် ကျူးကျော်ရပ်ကွက်များနှင့်‌ ကျေးလက်ဒေသများတွင်လည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ၊ ကျန်းမာရေးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မိခင်များကို စာရင်းကောက်ယူခဲ့ကြသည်ဟု ဒေါ်အိအိဖြိုးက ရှင်းပြသည်။

ပုံစာ- MCCT အစီအစဉ်တွင်အကျုံးဝင်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကို ထောက်ပံ့မှုပေးနေစဉ်။
ဓါတ်ပုံ- လူမှုဝန်ထမ်းဦးစီးဌာန(ရခိုင်ပြည်နယ်)


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."