ဂေထော
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၂ (မော်ကွန်း)
COVID-19 ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်တစ်ရပ်အနေနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ်သုံးသောင်းထောက်ပံ့မည့်အစီစဥ်၌ MCCT ထောက်ပံ့မှုရှိသည့် တိုင်းနှင့်ပြည်နယ် ခုနှစ်ခု မပါဝင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးကပြောသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့မှုအစီစဥ် ( Maternal and Child Cash Transfer – MCCT) တွင် ပါ၀◌င်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်၊ ရှမ်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။
“ချင်း၊ရခိုင်၊ကရင်၊ကယားနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ MCCT အကျိုးခံစားခွင့်ရှိသူတွေက ပုံမှန်ထောက်ပံ့ကြေးရတဲ့အပြင် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေဆိုပြီး သုံးသောင်း ထောက်ပံ့ပြီးဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန၏ ဒုတိယညွန်ကြားရေးမှူး ဒေါ်အိအိဖြိုးက မော်ကွန်းသို့ပြောသည်။
ယခုထောက်ပံ့မည့်အစီစဥ်၌ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်၊မွန်၊ မကွေး၊မန္တလေး၊ရန်ကုန်၊ပဲခူး၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသကြီး( နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)တို့မှ ကိုယ်ဝန်ဆောင်မိခင်များကို ပေးအပ်သွားမည်ဖြစ်သည်။
ငွေကြေးထောက်ပံ့နိုင်ရေးအတွက် “ငွေဗိုက်” အက်ပလီကေးရှင်းဖြင့် ယင်းဒေသရှိ ကိုယ်ဝန်ဆောင် ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဩဂုတ် (၁၁)ရက်မှစက်တင်ဘာလ (၁၅)ရက်အထိ စာရင်းသွင်းနိုင်ပြီး ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ Wave Money၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။
ကိုယ်ဝန်ရှိကြောင်းအထောက်အထားအနေဖြင့် ကျန်မာရေးဌာနမှထုတ်ပေးထားသော ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း (သို့မဟုတ်) ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းမှ ဆရာဝန်လက်မှတ်အထောက်အထားအပြင် ကိုယ်ဝန်ရှိကြောင်း သိသာစေမည့် ကိုယ်ဝန်ဆောင်မိခင်၏ အရှေ့တည့်တည့်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတို့ ကို မိုဘိုင်းအက်ပလီကေးရှင်း၌ ဖြည့်သွင်းရမည်ဖြစ်သည်။
မိုဘိုင်းအက်ပလီကေးရှင်းကို မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး၏ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် “ငွေဗိုက်” အက်ပလီကေးရှင်း QR ကုတ်ကို scan ဖတ်ပြီး ရယူနိုင်သည်။
#Dailynews

