ကိုဗစ်ကာလ အာဏာပြလာကြတဲ့ ဒေသန္တရအုပ်ချုပ်ရေး

ကိုဗစ်ကာလ အာဏာပြလာကြတဲ့ ဒေသန္တရအုပ်ချုပ်ရေး

Photo by Aung Py

လမ်းပိတ်ထားသောကြောင့် ဆက်သွားမရ ဖြစ်နေသည့် ရေသန့်အရောင်းသမားတစ်ဦး

Photo by Aung Py

အောင်ပိုင် ရေးသည်။

ဧပြီ ၂၁ ရက် ညပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူနှစ်ဦးကို နယ်ထိန်းရဲက ဝါးခြမ်းပြားဖြင့်ရိုက်နှက်ခဲ့ပုံများ Facebook စာမျက်နှာပေါ်တွင် ညတွင်းချင်းပျံ့နှံ့လာခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညမထွက်ရဒေသန္တရအမိန့်တွင် တည်ဆဲဥပဒေအရအရေးယူရန်သာ ပါရှိသည့်အတွက် ယင်းလုပ်ရပ်သည် လူအများကြားတွင် အငြင်းပွားစရာဖြစ်လာခဲ့သည်။

ရိုက်နှက်ခံရသူနှစ်ဦးမှာ ညဘက်သတ်မှတ်ချိန်ကို ကျော်လွန်ကာသွားလာနေသဖြင့် လုံခြုံရေးနှင့်လှည့်ကင်းများက ထိုည၌ပင် ပထမအကြိမ် သတိပေးထားပြီးဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

နောက်တစ်ကြိမ်ထပ်တွေ့သည့်အခါ အချုပ်ထဲမပို့ရန် သူတို့ကတောင်းပန်ပြီး ဆုံးမသည်ကိုခံယူမည်ဟု ဆိုလာသောကြောင့် ဝါးခြမ်းပြားဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများကပြောကြောင်း ဦးတင်အောင်က မော်ကွန်းသို့ ပြန်ပြောပြသည်။

ယခုလိုရိုက်နှက်အရေးယူခြင်းသည် “ဥပဒေနဲ့ညီလားဆိုရင် မညီဘူး။ ဒါပေမဲ့ နောက်မထွက်ရဲတော့ဘူး။ အခုအခြေအနေက လုပ်ရကိုင်ရအရမ်းခက်ခဲနေတယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် တချို့သောမြို့နယ်များတွင် ရောဂါပျံ့ပွားမည်ကို စိုးရိမ်စိတ်လွန်ကဲ၍ ယခုလပိုင်းအတွင်း တရားဝင်ညွှန်ကြားချက်မရှိဘဲ လမ်းများပိတ်ဆို့ခြင်း၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အပြစ်ဒဏ်ပေး အရေးယူနေခြင်းများ ရှိနေပြီး ယင်းလုပ်ရပ်များသည် ဥပဒေနှင့်မကိုက်ညီဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဖြစ်လာသည်ဟု လူ့အခွင့်အရေး၊ ဥပဒေရေးရာနှင့် ပြည်သူ့ရေးရာမူဝါဒ ကျွမ်းကျင်သူများက ပြောသည်။

လူ့အခွင့်အရေး သင်တန်းများပို့ချပေးနေသည့် Equality Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ကပ်ရောဂါဘေး၊ သဘာဝဘေးစတဲ့ အရေးပေါ်အခြေအနေမှာ လူ့အခွင့်အရေးတွေကို ယာယီဆိုင်းငံ့လို့ရပါတယ်။ ဆိုင်းငံ့မယ်ဆိုရင် အမိန့်၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရှင်းရှင်းလင်းလင်းနဲ့ အားလုံးသိထားဖို့လိုပါမယ်။ အဲ့လိုမဟုတ်ဘဲ အကြောင်းအရာတစ်ခုကိုအကြောင်းပြပြီး အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ရင် ပဋိပက္ခဖြစ်လာနိုင်တယ်” ဟုပြောသည်။

ဥပဒေနှင့် မညီသောလုပ်ရပ်များ

ဥပဒေအကြံပေးဦးခင်မောင်မြင့်က ကြိမ်ဒဏ်အပြစ်ပေးခြင်းသည် ၁၉၇၂ မှာ ပယ်ဖျက်ပြီး ဖြစ်သောကြောင့် ရိုက်နှက်ဆုံးမခြင်းသည် ဥပဒေနှင့်မညီသောလုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ကြိမ်ဒဏ်ဆိုတာ ထောင်ထဲမှာတောင် သမ္မတအမိန့်ပါမှပေးလို့ရတာ။ အခုကျ လုံးဝပယ်ဖျက်ပြီးပြီ” ဟု ၎င်းက ပြောသည်။

ထို့အပြင် အများပြည်သူပိုင်လမ်းများကို ပိတ်ဆို့ခြင်းသည်လည်း ဥပဒေနှင့်မညီဟု ၎င်းကဆိုသည်။
အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာမှုများအရ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်တွင် နှာခေါင်းစည်းမတပ်ဘဲ အပြင်သွားလာသူများကို အာဏာပိုင်များက ထိုင်ထလုပ်ခိုင်းခြင်၊ ဒိုက်ထိုးခိုင်းခြင်းများ ခိုင်းစေခဲ့သည်။

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်တွင် နှာခေါင်းစည်းမပါသူများကို ထိုင်ထလုပ်ခိုင်းခြင်း၊ ဒိုက်ထိုးခိုင်းခြင်း
Photo by သူရမောင် (သံလွင်သွေးချင်း)

တချို့သောမြို့နယ်များတွင် ရပ်ကွက်အလိုက်၊ အပိုင်းလိုက် ပိတ်ဆို့ခြင်းများ၊ ကန့်သတ်တားဆီး ခြင်းများပြုလုပ်နေသောကြောင့် မပြုလုပ်ကြရန် ရန်ကုန်တိုင်း ဒေသကြီး COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက ဧပြီ ၂ ရက်က ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။

“ဒေသဆိုင်ရာ အာဏာပိုင်ရဲ့ခွင့်ပြုချက်မရဘဲ အများပြည်သူလမ်းကိုပိတ်ရင် ရာဇသတ်ကြီးဥပဒေအရ ထောင်ငါးလအထိချနိုင်တယ်။ ထိုင်ထလုပ်ခိုင်းတာတွေ၊ ရိုက်နှက်တာတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူဂုဏ်သိက္ခာ ညှိုးနွမ်းအောင် အပြစ်ပေးလို့မရဘူး” ဟု ဦးခင်မောင်မြင့်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၄ တွင် လူ့ဂုဏ်သိက္ခာညှိုးနွမ်းသေးသိမ်စေသည့်ပြစ်ဒဏ် ပြဌာန်းခွင့်မရှိစေရဟု ထည့်သွင်းပြဌာန်းထားသည်ကို သူကထောက်ပြသည်။

ဘာကြောင့်ဖြစ်

ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူ၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP – Myanmar၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာနမှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက COVID – 19 ရောဂါအကြပ်အတည်းကာလတွင် နိုင်ငံတော်တော်များများ အတွေ့အကြုံမရှိသည့်အတွက် ဌာနဆိုင်ရာများကြား အချိတ်အဆက်မမိဖြစ် နေကြရသည်ဟု သုံးသပ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်နေပြီး ကိုယ့်နည်းကိုယ်ဟန်နှင့် မတူညီသော တုံ့ပြန်ဆောင်ရွက်မှုများကို မြင်တွေ့နေရသည်ဟု ဆိုသည်။

လက်ရှိအခြေအနေသည် မည်သည့်အဆင့်တွင် ရောက်နေသည်ကို အစိုးရက သတ်မှတ်ချက်ပေး၍ တိကျသည့် လမ်းညွန်ချက်ပေးမှသာလျင် အောက်ခြေအဆင့်က တစ်ပြေးညီကိုယ်တွယ်နိုင်မည်ဟုဆိုသည်။
“ဥပမာ အရေးပေါ်ကာလ သတ်မှတ်ရာမှာ အရောင်တွေနဲ့ ဖော်ပြရတာမျိုးရှိတယ်။ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်။ ဒီတော့မှ ဘာဆက်လုပ်ရမယ်ဆိုတာကို လမ်းညွှန်ချက်ပေးတဲ့အတိုင်း လုပ်ကြရတာ။ ခုက ဘာအရောင်မှလည်းမဖော်ပြ၊ ဘာအဆင့်မှန်းလည်းမသိတော့ ဘာလုပ်ကြရမှာလဲ မသိကြဘူး။ ဒီတော့ ကိုယ့်ရွာကိုယ် အဆင်ပြေမယ်ထင်သလိုမျိုး စည်းကမ်းတွေထုတ် အုပ်ချုပ်လာနေကြတယ်။” ဟုပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရထုတ်ပြန်သည့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များသည် တစ်နိုင်ငံလုံးလိုက်နာရမည့် တစ်ခုတည်းသော အမိန့် ဖြစ်သည်ဟုဆိုသည်။

ဧပြီ ၁၆ ရက်နှင့် ၁၈ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူလိုက်နာရမည့်အချက်များကို ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့်အရေးယူရန် အမိန့်နှစ်ခုထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းအမိန့်ညွှန်ကြားချက်မတိုင်ခင် ဒေသန္တရအမိန့်များထုတ်ပြန်ခြင်း၊ တိုင်းဒေသကြီးအစိုးရများက ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်းများကြောင့် အောက်ခြေရပ်ကျေးအဆင့်များမှာ မည်သည့်အမိန့်ကိုလိုက်နာရမှန်း မသိဖြစ်နေကြရသည်ဟု သူကဆိုသည်။

တိုင်းဒေသကြီးအဆင့် COVID – 19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက မတ် ၂၃ ရက်တွင် COVID – 19 ဆိုင်ရာ အမိန့်ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေများဖြင့် အရေးယူရန် ညွှန်ကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်ထွက်ပြီးနောက် ဧပြီ ၂၀ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးမယူဘဲ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေ ဖြင့်သာအရေးယူရန် ညွှန်ကြားချက်ထပ်မံထုတ်ပြန်ခဲ့သည်။

“ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေက နိုင်ငံတော်အဆင့်ဥပဒေ။ မလိုက်နာရင် ထောင်ခြောက်လ၊ ဒဏ်ငွေငါးသောင်းအထိ ချလို့ရတယ်။ ဒါကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တာ နောက်ကျတော့ ကိုယ့်ရပ်ရွာနှင့်ကိုယ် ကောင်းမယ်ထင်သလို စိုးရိမ်စိတ်တွေနဲ့ လုပ်ကြတာ။ ” ဟု ဦးကြီးမြင့်က ပြောသည်။

ဦးအောင်မျိုးမင်းက COVID – 19 ကာလအတွင်း ပြည်သူလူထုပူးပေါင်းပါဝင်ရန် အစိုးရကတိုက်တွန်းနေသော်လည်း တိကျသည့်လမ်းညွှန်ချက်မရှိသည့်အခါ လိုသလိုအဓိပ္ပါယ်ကောက် ဆောင်ရွက်နေကြခြင်းကြောင့် “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း လုပ်ရပ်တွေ ဖြစ်နေကြရာကနေ လူ့အခွင့်ရေးချိုးဖောက် တာတွေဖြစ်နေကြတယ်” ဟု ပြောသည်။

အချိတ်အဆက်လွတ် ညွှန်ကြားချက်များ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို မတ် ၁၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။

မတ် ၃၀ ရက်တွင် ဒုတိယသမ္မတ (၁) ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် COVID – 19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် COVID – 19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်စေခဲ့သော်လည်း တိုင်းနှင့်ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနများကြားတွင် အချိတ်အဆက်မမိသည့် ညွှန်ကြားချက်များရှိခဲ့သည်။

သင်္ကြန်ပိတ်ရက်ကာလအပြီး ဧပြီ ၁၉ ရက်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှ ရန်ကုန်သို့ အလုပ်လုပ်ရန်သွားသည့် စက်ရုံအလုပ်သမား ၄၃ ဦးသည် ဟင်္သာတမြို့အထွက်မှာပင် နောက်ပြန်လှည့်ကာ အိမ်ပြန်ကြရသည်။

သင်္ကြန်မတိုင်ခင် နှစ်ရက်အလိုကတည်းက ဧရာဝတီတိုင်းအစိုးရသည် ဒေသန္တရအမိန့်ဖြင့် ရန်ကုန်သို့ပြေးဆွဲနေသည့် ယာဉ်လိုင်းများကိုရပ်ဆိုင်းထားပြီး ငါးယောက်နှင့်အထက်လူစု၍ ခရီးသွားလာခြင်းမပြုရန်လည်း တားမြစ်ထားသည်။

သို့သော်လည်း သင်္ကြန်ပိတ်ရက်အပြီးတွင် အလုပ်ပြန်ဆင်းရန် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ၁၂ ဘီးကားငှားကာ စက်ရုံများပြန်ဖွင့်ရက်အမီလူစု၍ ရန်ကုန်သို့သွားကြရာ ဒေသအာဏာပိုင်များ၏ တားဆီးစစ်ဆေးခြင်းခံရပြီး တားမြစ်ချက်ချိုးဖောက်သည်ဟုဆိုကာ အိမ်သို့ ပြန်ပို့ခံလိုက်ရခြင်းဖြစ်သည်။

ဧရာတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက “အလုပ်ပြန်သွားကြတာဆိုပေမယ့် ဧရာဝတီတိုင်းမှာဒေသန္တရအမိန့်ထုတ်ပြန်ပြီး သတ်မှတ်လူဦးရေပါအိမ်စီးကားနဲ့ ကုန်စည်စီးဆင်းမှုအတွက်ပဲ ခွင့်ပြုပေးထားတာပါ’’ ဟုပြောသည်။

ဟင်္သာတခရိုင်မှ ရန်ကုန်သို့ အလုပ်လုပ်ရန်ပြန်သွားသည့် စက်ရုံအလုပ်သမားများအား တားဆီးစစ်ဆေးနေစဉ်

Photo – ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဟင်္သာတ)

၎င်းတို့နည်းတူ သင်္ကြန်ပိတ်ရက်အပြီး စက်ရုံများပြန်ဖွင့်သည်အထင်ဖြင့် အနယ်နယ်အရပ်ရပ်မှ အလုပ်သမားများသည် ဧပြီ ၁၈ ၊ ၁၉ ရက်များတွင် ရန်ကုန်သို့ပြန်ရောက်လာကြသည်။

သို့သော် ဧပြီ ၁၉ ရက်ညပိုင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စက်ရုံအလုပ်ရုံများကို ဧပြီ ၂၀ မှ ၃၀ အထိ စစ်ဆေးပြီးမှ ပြန်လည်ဖွင့်ခွင့်ရမည်ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထိုအခါ အလုပ်မဆင်းရသည့်အလုပ်သမားများသည် နေရပ်သို့ပြန်ကြသည့်အခါ ကျေးရွာ၊ ရပ်ကွက်ထဲသို့ ပြန်ဝင်မရတော့ဘဲ သီးခြားကန့်သတ်နေထိုင်ရန်သတ်မှတ်ထားသည့်စခန်းများတွင် သတ်မှတ်ရက်အထိ နေကြရပြန်သည်။

လေ့လာအကြံပြုချက်

ISP – Myanmar၏ စွမ်းရည်မြှင့်တင်ရေး ဒါရိုက်တာ ဒေါက်တာ စုမွန်သဇင်အောင်က COVID – 19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပထမဦးစွာ အစိုးရယန္တရားအားလုံးပါဝင်သည့် ချဉ်းကပ်ပုံ (whole-of-government) ဖြင့် တိကျရှင်းလင်းသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို ချမှတ်ပေးနိုင်ရမည်ဟု အကြံပြုသည်။

ထို့နောက် လူထုတစ်ရပ်လုံးပါဝင်သည့် ချဉ်းကပ်ပုံ (whole-of-society) ဖြစ်စေရန် ပြည်နယ်နှင့်တိုင်းများ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အ စည်းများ၊ ဘာသာရေးအဖွဲ့အစည်များနှင့် ချိတ်ဆက်ဆောက်ရွက်သင့်သည်ဟု ၎င်းကဆိုသည်။

“ဒီအချိန်မှာ တိုင်နဲ့ပြည်နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးဖို့လည်းလိုပါမယ်။ နယ်စပ်ဒေသတွေမှာ နိုင်ငံခြားကပြန်ဝင်လာတဲ့သူတွေရှိတယ်။ အဲဒါတွေကို ဗဟိုကချုပ်ကိုင်ထားတာထက် သူ့ဒေသအကြောင်းသိတဲ့ အစိုးရကို လုပ်ပိုင်ခွင့်အပြည့်အဝပေးလိုက်တာက ပိုအဆင်ပြေလိမ့်မယ်လို့မြင်တယ်” ဟု ၎င်းက ပြောသည်။

ဥပဒေအကြံပေးဦးခင်မောင်မြင့်က အာဏာပိုင်များသည် အမိန့်ညွှန်ကြားချက်များထုတ်သည့်အခါ ခရိုင်အဆင့်၊ တိုင်းအဆင့် ဥပဒေရုံးများမှသည် ရှေ့နေချုပ်ရုံးအထိ ဥပဒေပိုင်းဆိုင်ရာအကြံပြုချက်များကို တရားဝင် တောင်းခံနိုင်သည်ဟု ဆိုသည်။

“ဥပဒေရုံးတွေဆိုတာက ဒေသဆိုင်ရာ အာဏာပိုင်တွေ ဥပဒေနဲ့အညီ ထိန်းကြောင်းနိုင်အောင် ထားတာ။ အမိန့်ညွှန်ကြားချက်ထုတ်တော့မယ်ဆိုရင် ဥပဒေရုံးကို အကြမ်းအရင်ပို့ရတယ်။ ဥပဒေရုံးက စကားလုံး အသုံးအနှုန်းတွေလျော်ညီအောင်ပြင်ပြီးမှ ထုတ်ပြန်ရတာ” ဟု ၎င်းက ပြောသည်။

ဦးအောင်မျိုးမင်းက COVID – 19 ကာလအတွင်း အစိုးရသည် ပြည်သူလူထုပူးပေါင်းပါဝင်ရန် တိုက်တွန်းနေသည်မှာ ကောင်းမွန်သော်လည်း လိုသလိုအဓိပ္ပာယ်ကောက်ဆောင်ရွက်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်စေရန် တိကျသည့်လမ်းညွှန်ချက်ရှိဖို့လိုသည်ဟု အကြံပြုသည်။

သို့သော် “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်အောင် နှိပ်စက်ညှင်းပန်းခြင်း မလုပ်ရပါဘူး။ ဘာသာရေးအပေါ် ယုံကြည်ချက်ကို မပိတ်ပင်ရပါဘူး။ တရားဥပဒေကို ကျော်လွန်လုပ်ဆောင်လို့မရပါဘူး။ ဒါတွေက ဆိုင်းငံ့လို့မရတဲ့ အခြေခံလူ့အခွင့်အရေးတွေဖြစ်ပါတယ် ” ဟု ၎င်းက သတိပေးသည်။


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."