အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ – ဇူလိုင် ၂၈ (မော်ကွန်း)
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နော်လှလှစိုးကတော့ ဖွံ့ဖြိုးရေးလုပ်ရမယ်လို့ ပြောပြီး ပြိုင်ဘက် နော်အုန်းလှက တန်းတူအခွင့်အရေးအတွက် လုပ်ရမယ်လို့ ပြောပါတယ်။
NLD ပါတီက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းထားသူ နော်လှလှစိုးက “အဓိကကတော့ ရန်ကုန်တိုင်းမှာ ကရင်လူမျိုးတွေက နေရာအနှံ့မှာ ရှိနေတယ်၊ သူတို့ရဲ့ လူမှုစီးပွားက အရေးကြီးတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ စာပေယဉ်ကျေးမှု အဲဒါတွေ အရေးကြီးတယ်၊ ပညာရေး၊ ကျန်းမာရေး အဲဒါတွေ အရေးကြီးတယ်၊ အဲဒါတွေ ဘက်စုံအောင် ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်ပေးရမှာပေါ့” လို့ ပြောတယ်။
သူ့အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အနှစ် ၂၀ လောက် လုပ်ခဲ့တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တယ်၊ သင်တန်းတွေလည်း ကျွမ်းကျင်တယ်၊ CSO တွေလည်း တည်ထောင်ခဲ့တာကြောင့် ဒါတွေကို ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောတယ်။
လက်ရှိမှာ နော်လှလှစိုးက ကရင်တိုင်းရင်းသားတွေ မဲစာရင်း ကြည့်ဖို့၊ ကရင်နာမည်မှားတာတွေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ ချိတ်ဆက်ကူညီပေးနေတယ်လို့ ဆိုတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) က ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းထားသူ နော်အုန်းလှက “အဓိကတော့ တန်းတူအခွင့်အရေး မရသေးဘူး၊ အခုအချိန်အထိလည်း ကရင်တိုင်းရင်းသားတွေ ဖိနှိပ်ခံနေရတယ်၊ ဒါတွေကို ကရင်ပြည်သူတွေ သိပါတယ်။ အဲဒါကြောင့် ဘယ်သူက ပိုလုပ်နိုင်မယ်၊ မလုပ်နိုင်ဘူးဆိုတာကို ကရင်တိုင်းရင်းသားတွေ ဆုံးဖြတ် နိုင်ပါလိမ့်မယ်” လို့ ပြောတယ်။
တန်းတူညီမျှရေးနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိုလုပ်နိုင်မယ်လို့ ခံယူထားတာမို့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာလို့ သူက ပြောတယ်။
နော်အုန်းလှက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ပတ်သက်လို့ နော်လှလှစိုးနဲ့ နဂိုကတည်းက မိတ်ဆွေတွေမို့ ကျန်တာကတော့ ကရင်တိုင်းရင်းသားတွေပဲ ဆုံးဖြတ်လိမ့်မယ်လို့ ဆိုတယ်။
နော်လှလှစိုးဟာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁၀) က ကိုယ်စားလှယ်ဖြစ်ပြီး နော်အုန်းလှကတော့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိပါတယ်။
လက်ရှိကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာကို နော်ပန်းသဉ္ဇာမျိုးက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြုအနိုင်ရရှိထားပါတယ်။
#Dailynews