မြေပုံ- ၂၀၂၅ ဇန်နဝါရီ ၃ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဒီနေ့မနက် တစ်နာရီခွဲခန့် လူခြေတိတ်ချိန်မှာ လေယာဉ်နဲ့ဗုံးလာကြဲခဲ့တာကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။
ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းအနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လာရောက်ဗုံးချခဲ့တာဖြစ်တယ်လို ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ဆေးရုံကို လာချတာထင်ပါတယ်။ ဒါပေမယ့် ညဥ့်သန်ခေါင်ကျော်အချိန်ဆိုတော့ ဆေးရုံကိုမကျဘဲ ဆေးရုံနားကို လာကျတာ။ အခု ဒဏ်ရာရပြီးသေဆုံးသွားတဲ့အဘွားကလည်း ဆေးရုံနားမှာနေတာ” လို့ ပြောပါတယ်။
လိုအပ်တဲ့ဆေးဝါကုသမှုတွေပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာ ဖြစ်တယ်လို့လည်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒါ့အပြင် အရင်ရက်တွေတုန်းက ဗုံးကြဲခံရမှုကြောင့် တိုက်နယ်ဆေးရုံရှိ အဆောင်များအားလုံးပျက်စီးသွားသလို စာသင်ကျောင်းဆောင်တချို့လည်း ပျက်စီးသွားတယ်လို့ပြောပါတယ်။
” ပထမဆုံး စာသင်ကျောင်းဘက်ကို ပစ်သံကြားကတည်းက လူနာတွေကို အမြန်ရွှေ့လိုက်တာ၊ အရမ်းကံကောင်းသွားတယ်။ အဆောင်တွေ ပျက်စီးသွားပေမယ့် လူအထိအခိုက်မရှိလို့ တော်သေးတယ်” လို့ သူက ပြောပါတယ်။
ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံမြိုနယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA) က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁၅ ရက်ကစလို့ သိမ်းပိုက်ရရှိထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏခံနေရတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၅ ရက်ကလည်း ကမ်းထောင်းကြီးမြို့ထဲကို လေကြောင်းကနေ လာရောက်ဗုံးကြဲတာကြောင့် အရပ်သားငါးဦးခိုက်သေဆုံးခဲ့ရသလို မတ်လအတွင်းက ဗုံးကြဲခဲ့မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကားလမ်းဘေးမှာရှိတဲ့ ယိုးတရုတ်တိုက်နယ်ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် အရပ်သားငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာက စတင်တဲ့ AA ထိုးစစ်အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုအနက် ၁၄ ခုကနေ စစ်ကောင်စီတပ်တွေ ထွက်ပြေးခဲ့ရပြီး ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်စတဲ့ မြို့တွေပေါ်မှာသာ တပ်စွဲအခြေချနေနိုင်တော့သလို အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပါ AA က သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

ပုံစာ- စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ ကမ်းထောင်းကြီးမြို့က ဆေးရုံနဲ့ စာသင်ကျောင်း။
ဓါတ်ပုံ- APM

