ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
ဒီရက်ပိုင်း နိုင်ငံတကာ ဈေးကွက်မှာ ကမ္ဘာ့ရွေဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးလည်း အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကနေ ဒီလပထမပတ်ထိ ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းအောက်မှာပဲ တည်ငြိမ်နေရာကနေ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၆၆ သိန်းကျော်ထိ ရောက်ရှိနေတာပါ။
နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မနက်ပိုင်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၉၀၀ ကျော်ကို မြင့်တက်ခဲ့ပြီး ဒီဈေးနှုန်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ဈေးနှုန်းဖြစ်ခဲ့တယ်လို့ ဈေးကွက်လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်လာတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်လုပ်ငန်းအခွန်တွေမြှင့်တင်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲတွေ စတင်လိုက်တာရဲ့ အကျိုးသက်ရောက်မှုဖြစ်တယ်လို့ ကမ္ဘာ့ရွှေဈေး စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
“ထရမ့်က အလူမီနီယံနဲ့ သွင်းကုန်အားလုံးအပေါ် ၂၅% အခွန် စည်းကြပ်လိုက်တာနဲ့ ရွှေဈေးစံချိန်တင်တက်သွားတာ တိုက်ဆိုက်နေတယ်။ ဒေါ်လာကတော့ငြိမ်နေပေမယ့် ရွှေကတော့ အတော်လေး အရှိန်ကောင်းကောင်းနဲ့တက်နေတယ်” လို့ ၎င်းက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့လပိုင်းက တစ်အောင်စကို ကန်ဒေါ်လာ ၂,၇၀၀ ကျော်ဝန်းကျင်ရှိရာက ဒီလဆန်းပိုင်းကစပြီး တစ်အောင်စ ဒေါ်လာ နှစ်ရာဝန်းကျင်မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းထဲက ရွှေဆိုင်တွေကို သူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းပဲရောင်းချဖို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၅၄ သိန်းကျော်မှာပဲ သတ်မှတ်ထားတာပါ။
ဒီလိုသတ်မှတ်ဈေး ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ ရွှေဆိုင်တွေက ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်နေကြတာပါ။
ပုံစာ – အကယ်ဒမီအခေါက်ရွှေတုံး
ဓါတ်ပုံ – မော်ကွန်း

