ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့-မြန်မာမှ ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး မစ္စတာနီကိုလာ့စ်ကော့စ်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံသည် ကျားကောင်ရေ ဆက်လက်ကျန်ရှိနေသေးသော  အာရှနိုင်ငံ ၁၃ နိုင်ငံတွင် ပါဝင်နေဆဲဖြစ်သော်လည်း သစ်တော ပြုန်းတီး မှု၊ တရားမဝင်အမဲလိုက်မှု၊ မှောင်ခိုရောင်းဝယ်မှုများကြောင့် ကျားများ မျိုးသုဉ်းပျောက်ကွယ်သွားမည့် အခြေအနေသို့ ဦးတည်နေကြောင်း ပညာရှင်များက သတိပေးနေကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှကျားများအား မည်သည့်အတွက်ကြောင့် ထိန်းသိမ်း ရန် လိုအပ်ကြောင်းနှင့် မည်သည့် နည်းလမ်းများဖြင့် ကျားများ တည်တံ့ နိုင်သည်ကို သိရှိနိုင်ရန်  World Wide Fund for Nature( WWF) – Myanmar (ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ – မြန် မာ) မှ ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး မစ္စတာ နီကိုလာ့စ် ကော့စ် (Nicholas Cox) နှင့် တွေ့ဆုံ မေးမြန်းပြီး ဖော်ပြလိုက်ပါသည်။

မော်ကွန်း။  ။ မြန်မာနိုင်ငံက ကျားတွေရဲ့ လက်ရှိအခြေအနေကို သုံးသပ်ပေးစေလိုပါတယ်။

နီကိုလာ့စ်ကော့စ်။  ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာ ဒါမှမဟုတ် ဆယ်နှစ်နဲ့ယှဉ်ရရင် ကျားတွေရဲ့အခြေအနေဟာ ပိုဆိုးရွားတဲ့ အခြေအနေမှာ သေချာပေါက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျား အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ပြောရခက် ပါတယ်။ ကျွန်တော်တို့မှာ အခုချိန်ထိတော့ ကိန်းဂဏန်း အတိ အကျတော့ မရှိပါဘူး။ အရေးကြီးတာကတော့ ကျားတွေ ဘယ် မှာ နေကြသလဲဆိုတာ သိရဖို့ပါ။

အဲဒီထက်အရေးကြီးတာကတော့ ကျားတွေ ဘယ်မှာ ပေါက်ဖွားကြသလဲဆိုတာ အတည်ပြုဖို့ အရေးကြီးပါတယ်။  ဒါ ပေမဲ့ မြန်မာတစ်နိုင်ငံလုံးရှိတဲ့ ကျားတွေအရေအတွက်ကို ရေ တွက်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး။ အချိန်ယူရမှာ ဖြစ်သလို ငွေကြေးအမြောက်အမြားလည်း ကုန်ကျနိုင်ပါတယ်။

လောလောဆယ်မှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ချင်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီဒေသ တွေဟာ ကျားတွေ အဓိကတွေ့ရတဲ့ နေရာတွေဆိုတာ အကြမ်း ဖျင်း သိထားပါတယ်။ လက်ရှိအချိန်ထိတော့ ကျားတွေသား ပေါက်ဖွားတဲ့နေရာအသစ်တွေ မတွေ့သေးပါဘူး။ ကျွန်တော်တို့ တင်မဟုတ်ဘဲ အခြားအဖွဲ့အစည်းတွေကလည်း ကျားတွေကို လိုက်ရှာနေပါတယ်။ ကျားလေးတွေ ပေါက်နေတယ်ဆိုတာ အတည်ပြုဖို့ဆိုရင်လေ့လာမှု (Survey) တွေလုပ်တာ၊ တောထဲ မှာ ကင်မရာထောင်ချောက်တွေ ဆင်ထားတာတွေ လုပ်လို့ရပါ တယ်။ ကင်မရာတွေ ရှေ့  ကျားအမေကြီးနဲ့ ကျားပေါက်လေးတွေ တွဲလျက် တွေ့ပြီဆိုရင်တော့ သေချာပါတယ်။ ဒီတောဟာ ထိန်း သိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပြီဆိုတာ ပြသနေတာ ဖြစ်ပါတယ်။

မော်ကွန်း။  ။ ကျားတွေ သားပေါက်တဲ့နေရာက ဘာလို့ အရေး ကြီးတာပါလဲ။

နီကိုလာ့စ်ကော့စ်။  ။  အဓိကကတော့ တိရစ္ဆာန်တွေရဲ့ သဘောက ဒီနေရာမှာ ကောင်းမွန်လို့ သားလာပေါက်ကြတာ ဖြစ်ပါတယ်။ ကျားတွေဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြားပဲ အသက်ရှင်ကြ တာဖြစ်လို့ ဒီနေရာကိုမှ မကာကွယ်ပေးနိုင်ရင် ကျားတွေ မျိုး မပွားတော့ဘူးဆိုရင် တဖြည်းဖြည်းနဲ့ မျိုးသုဉ်းသွားမယ်။

မော်ကွန်း။  ။ မြန်မာနိုင်ငံက ကျားတွေရဲ့ အခြေအနေဟာ ဘာ ကြောင့် ဆိုးရွားသွားရတာလဲ။

နီကိုလာ့စ်ကော့စ်။  ။  အဓိကအကြောင်းရင်းက နှစ်ခုပါ။ အဲဒီ ထဲမှာမှ အရေးကြီးဆုံး အကြောင်းရင်းဟာ တရားမဝင် အမဲ လိုက်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကျားတွေရဲ့ အစိတ် အပိုင်းတွေကို တရားမဝင်မှောင်ခိုဈေးကွက်မှာ တင်ရောင်းတာ တွေကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့် ကျားတွေ တဖြည်းဖြည်း လျော့လာတာ ဖြစ်ပါတယ်။

ဒုတိယအကြောင်းရင်းက လူနဲ့ ကျားနဲ့ ရင်ဆိုင်တွေ့တဲ့ ပြဿ      နာကြောင့် ဖြစ်ပါတယ်။ ရှေးတုန်းကဆိုရင် ကျားကောင်ရေ ပိုများပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းလောက် ကျားနဲ့ လူ ပဋိပက္ခ တွေ မများသေးပါဘူး။ အခုတော့ လူတွေက တဖြည်းဖြည်း နယ် ပယ်ချဲ့လာတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ချဲ့လာတယ်။ ရွာတွေ တိုးဆောက်လာတဲ့အခါ ကျားတွေနေရာနဲ့ ပိုနီးလာတယ်။

ဒါပေမဲ့ အဲဒါက အရမ်းအရမ်းကို ဖြစ်ခဲပါတယ်။ အခြား တောရိုင်းတိရစ္ဆာန်တွေနဲ့စာရင် အရမ်းဖြစ်ခဲပါတယ်။ ကျားတွေ က ရွာထဲဝင်လာပြီး နွားတွေ၊ ဝက်တွေ ကိုက်သတ်တာ လူတွေက ပြန်သတ်တာတွေလည်း ရှိခဲ့ပေမယ့် ဖြစ်နိုင်ခြေ အရမ်းနည်း ပါတယ်။ ဒါကြောင့် အဓိက အကြောင်းရင်းကတော့ တရားမဝင် အမဲလိုက်တာနဲ့ တရားမဝင် မှောင်ခိုကူးတာကြောင့်ပါပဲ။

မော်ကွန်း။  ။ ကျားတွေက လူတွေအတွက် ဘာလို့ အရေးကြီး တာလဲ။

နီကိုလာ့စ်ကော့စ်။  ။  မေးခွန်းတွေထဲမှာ ဒီမေးခွန်းက အရေးကြီး ဆုံးလို့ ထင်ပါတယ်။ ဘာကြောင့် ကျားတွေက အရေးကြီးလဲ ဆိုတော့ ကျားတွေဟာ သစ်တောစနစ်ကို ‘အဓိက ကာကွယ်သူ’ဖြစ်လို့ပါပဲ။ တောထဲမှာ အစာကွင်းဆက်ရှိပါတယ်။ ကျားဆိုတာ တောတွင်းသတ္တဝါတွေထဲမှာ ထိပ်ဆုံးက သတ္တဝါပါပဲ။ တောတွင်း မှာ ကျားကို လူက လွဲရင် ဘယ်သူမှ သတ်မစားနိုင်ပါဘူး။ ကျား ကသာသူ့အောက်က သတ္တဝါတွေကို သတ်တာပါ။ ဒါကြောင့် ကျားတွေဟာ သူကျက်စားတဲ့ တောတွင်းမှာရှိတဲ့ သူစားမယ့် သတ္တဝါတွေရဲ့ ပေါက်ဖွားနှုန်းတွေကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကျားတွေက အရေးကြီးတာပါ။

တကယ်လို့ ကျားတွေကို တောထဲက ဖယ်ပစ်လိုက်မယ်ဆိုရင် သူဖမ်းစားတဲ့ သတ္တဝါအငယ်တွေက သူတို့ကို သတ်မယ့်သူ မရှိတော့တဲ့အခါ အဲဒီသတ္တဝါငယ်တွေဟာ တအားမျိုးပွားလာ မယ်။ အရမ်းများလာရင် တောတွင်းဂေဟစနစ်က မညီမမျှ ကမောက်ကမတွေ ဖြစ်လာမယ်။ တချို့သော သဘာဝစနစ်တွေ ပျက်စီးသွားတာမျိုး ဒါမှမဟုတ်ရင် ဒီကောင်လေးတွေက တော တွင်းကနေ လျှံထွက်လာတာ၊ တခြားတောတွေထဲ ကူးလာတာ မျိုးစတဲ့ မညီမျှမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခုက ကျားတွေဟာ သစ်တောနဲ့ ပတ်သက်ရင် ကောင်း၊ မကောင်း ကြည့်လို့ရတဲ့ အကောင်းဆုံး အညွှန်းကိန်း တွေ ဖြစ်ပါတယ်။ တောတစ်တောမှာ ကျားပေါက်နေတယ်ဆိုရင် အဲဒီတောရဲ့ စနစ်ဟာ ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေသေး တယ်ဆိုတာကို သိနိုင်ပါတယ်။ တကယ်လို့ ကျားတွေ မနေဘူး ဆိုရင် သေချာပါတယ်။ ဒီတောဟာ တစ်ခုခု ပျက်စီးနေပါပြီ။ တောထဲက ကျားတွေကို ဆုံးရှုံးခြင်းဟာ သစ်တောအတွက် ပြဿ      နာဖြစ်သလို တောထဲက ဂေဟစနစ်ရဲ့ပြဿ      နာဟာ လူ တွေအတွက် ပြဿ      နာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ တွေဟာ တောရဲ့ အကျိုးပြုမှုတွေကို ခံစားကြရလို့ပါပဲ။

မော်ကွန်း။  ။ ကျားတွေ နည်းလာတဲ့အတွက် မြန်မာနိုင်ငံမှာ ဘယ်လိုပြဿ      နာတွေ တွေ့နေရပြီလဲ။

နီကိုလာ့စ်ကော့စ်။  ။ မြန်မာနိုင်ငံမှာ သတိပေးအချက်ပြမှုတွေ တွေ့နေရပါပြီ။ အရင်တုန်းက ကျားတွေ ရှိခဲ့တယ်လို့ အထောက် အထားမှတ်တမ်းတွေ ရှိခဲ့တဲ့ တောတော်တော်များများမှာ ကျား တွေ မတွေ့ရတော့ပါဘူး။

မော်ကွန်း။  ။ အရင်တုန်းက တွေ့ရတဲ့နေရာဆိုတာ ဘယ်နေရာ တွေကို ပြောတာလဲ။

နီကိုလာ့စ်ကော့စ်။  ။  ကျားတွေကို တွေ့ရတယ်ဆိုတဲ့ စစ်ကိုင်း တိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ် မြောက်ပိုင်း၊ ကယား၊ ကရင်၊ တနင်္သာရီစတဲ့ဒေသတွေမှာ အရင်တုန်းက ကျားတွေရှိတဲ့ နေရာ တွေဟာ တစ်ဆက်တည်းဖြစ်ပေမယ့် အခုတော့ ကွက်တိကွက် ကျားတွေ ဖြစ်လာပါပြီ။ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်ပဲ ရှိ တော့တယ်။ နောက် အရင်တုန်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ရိုးမတွေမှာ ကျားတွေ ရှိတယ်။ အခု မတွေ့ရတော့ပါဘူး။

မော်ကွန်း။  ။ ကျားတွေ မွေးဖွားလာဖို့၊ ကျားတစ်ကောင်ဖြစ်လာဖို့ လွယ်ပါသလား။

နီကိုလာ့စ်ကော့စ်။  ။  ဒေသအပေါ်မူတည်ပြီး ဘယ်လောက်ခက် ခဲတယ်ဆိုတာ ကွာခြားပါတယ်။ မြင်သာအောင်ပြောရရင် ကျား တစ်ကောင် ရှင်သန်ကျက်စားနိုင်ဖို့ဆိုရင် အနည်းဆုံး အရွယ် ရောက်ပြီးသား ဆတ်အကောင်ငါးဆယ်လောက် လိုအပ်ပါတယ်။ ကျားတွေအများကြီးရှိနိုင်ဖို့ဆိုရင် အကောင်တွေလည်း အများ ကြီးလိုအပ်ပါတယ်။ ဒါ ပထမအချက်ပါ။ ဒုတိယအချက်က မြန်မာ နိုင်ငံရဲ့ပြဿ      နာကတော့ တောရိုင်းတိရစ္ဆာန် တရားမဝင် အမဲ လိုက်မှုတွေ   ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။

တရားမဝင် အမဲလိုက်တာကို မထိန်းချုပ်ဘဲနဲ့ ကျားတစ် ကောင်ကို တောထဲမှာ သွားထားလိုက်မယ်ဆိုရင် သူ စားစရာ မရှိတဲ့အတွက် အခြားနေရာကို ပြောင်းသွားမှာ။ တောထဲက ထွက်လာပြီး ရွာထဲဝင်ပြီး (ရွာထဲက အိမ်မွေးတိရစ္ဆာန်တွေကို)ဖမ်းစားတော့မှာ။ အဲဒါ ပြဿ      နာဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ကျားတွေက သူတို့ရှင်သန်ဖို့ လိုအပ်တဲ့ နယ်မြေဧရိယာက ကျယ်ဝန်းပါတယ်။ အရွယ်ရောက်ပြီးသား ကျားထီးတစ်ကောင်အတွက် လိုအပ်တဲ့ နယ်မြေဧရိယာဟာ ၁၅ဝ စတုရန်းကီလိုမီတာ လိုအပ်ပါတယ်။ ကျားမတွေဆိုရင်တော့ ၈ဝ စတုရန်းကီလိုမီတာလောက် လိုအပ်ပါတယ်။ အဲဒီတော့ ကျားတွေ များများထိန်းသိမ်းဖို့ဆိုရင်လည်း သစ်တောဧရိယာ လည်း အကျယ်ကြီးလိုပါတယ်။

နောက်အရေးကြီးတာက သစ်တောနှစ်ခုရှိမယ်။ ဟိုဘက် သစ်တောမှာလည်း ကျားရှိမယ်။ ဒီဘက်သစ်တောမှာလည်း ကျားရှိနေမယ်ဆိုရင် အဲဒီသစ်တောနှစ်ခုကြားက သစ်တောတွေ ကို ခုတ်လှဲပစ်လိုက်မယ်၊ ဒါမှမဟုတ်ရင် စိုက်ပျိုးမြေ လုပ်ပစ် လိုက်မယ်၊ အဝေးပြေးလမ်းမကြီး ဖောက်ပစ်လိုက်မယ်ဆိုရင် ဒီ သစ်တောကြီးနှစ်ခုက အဆက်အသွယ်ပြတ်သွားမယ်။ အဲဒီသစ် တောတွေက ကျားတွေဟာ ရွှေ့ပြောင်းသွားလာလို့ မရတော့ဘဲ မိတ်လိုက်လို့ မရတော့ဘူး။ မျိုးမပွားနိုင်တော့ဘူး။ ဒါဆို တဖြည်းဖြည်း ကျားအကောင်ရေ လျော့လာမှာ ဖြစ်ပါတယ်။

မော်ကွန်း။  ။ လက်နက်ကိုင်တိုက်ပွဲတွေက ကျားတွေအပေါ် ဘယ် လိုသက်ရောက်စေပါသလဲ။

နီကိုလာ့စ်ကော့စ်။  ။ ပထမအချက်က ဟိုးရှေးရှေးတုန်းက စပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တောတွင်းတွေမှာ နေရာယူခဲ့ကြပါတယ်။ အမဲလိုက်တာ၊ ကျားတွေကို သတ်တာဟာ သူတို့ရဲ့ ဝင်ငွေရှာတဲ့လမ်းကြောင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်တာ ရောင်းချတာတွေပါ။ တချို့နေရာမှာဆိုရင်တော့အကောင်းဘက် ကနေ တွေးလို့ရပါတယ်။ တချို့နေရာတွေမှာ ဥပမာ- KNU ထိန်း ချုပ်ထားတဲ့နေရာတွေမှာဆိုရင် ပြည်တွင်းစစ်ကြောင့်ပဲ ကျား တွေ မျိုးမတုံးဘဲ ကျန်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီဒေသတွေကို အလွယ်တကူ ဝင်ထွက်သွားလာလို့ မရဘူး။ အဲဒီအတွက်ကြောင့် သစ်တောတွေ ပျက်စီးတာနည်းပြီးတော့ ကျားတွေလည်း အဲဒီဒေသမှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

မော်ကွန်း။  ။ မိုင်းလားဒေသလို အစိုးရက လက်လှမ်းမမီတဲ့နေ ရာတွေမှာ တရားမဝင် ရောင်းဝယ်မှုတွေကို ဘယ်လိုထိန်းချုပ်လို့ ရမလဲ။

နီကိုလာ့စ်ကော့စ်။  ။  ပြောရရင် မိုင်းလားဒေသမှာ ကျားတွေ မကျန်တော့ပါဘူး။ ဒါပေမဲ့ သူ့မှာ ဝယ်လိုအားရှိနေတဲ့အတွက် အခြားဒေသက ကျားတွေကိုသယ်ပြီး ပြန်ရောင်းကြတယ်။ နောက်တစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ အာဏာမသက် ရောက်ဘူး။ ဒါကြောင့် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ လိုပါတယ်။

ဥပမာအနေနဲ့ဆိုရင် အရင်တုန်းက ဒီဒေသတွေဟာ ဘိန်း စိုက်ပျိုးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာအစိုးရနဲ့ ပူးပေါင်းတိုက်ဖျက်ခဲ့တဲ့အတွက် ဘိန်းအစား ရာဘာစိုက်ပျိုးဖို့ ရင်းနှီးမြှုပ်နှံတာတွေကို ပိုတွေ့မြင်လာရပါတယ်။ အဲဒီလိုမျိုးပဲ ဒေသခံတွေနဲ့ ပူးပေါင်းပြီး သားရဲတိရစ္ဆာန်ရောင်းဝယ်တာက တစ်ဆင့် ငွေရှာမယ့်အစား အခြားနည်းလမ်းတစ်ခုနဲ့ အစားထိုး ပြီး ငွေရှာဖို့ နည်းလမ်းကို ဖော်ဆောင်ပေးနိုင်ရင်တော့ လျှော့ချ နိုင်မယ်လို့ ယူဆပါတယ်။

မော်ကွန်း။  ။ ဒါဆိုရင် မြန်မာအစိုးရက သူတို့အာဏာသက် ရောက်တဲ့နေရာမှာရော တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တွေကို ထိန်းချုပ်နိုင်တယ်လို့ ထင်ပါသလား။

နီကိုလာ့စ်ကော့စ်။  ။ သားရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်တာဟာ ဒီနိုင်ငံမှာ တရားမဝင်ဘူးဆိုတာ လူတိုင်း သိကြပါတယ်။ ဥပဒေကလည်း ရှိပြီးသား။ ဥပဒေက လိုအပ်တာထက် ပျော့ ပျောင်းနေတာပဲ ရှိမယ်။ အဲဒီတော့ ဥပဒေကို ပိုကောင်းအောင် အဆင့်မြှင့်ဖို့ လိုတယ်။ နောက်တစ်ချက်က အစိုးရဌာနဆိုင်ရာတွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ဖို့လိုမယ်။ ဥပမာ-မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ နယ်စပ်တပ်ဖွဲ့တွေ၊ သစ်တောဌာနလိုအဖွဲ့တွေက အချင်း ချင်းချိတ်ဆက်ပြီး သတင်းအချက်အလက် မျှဝေတာတွေ လုပ်ဖို့ လိုမယ်။ အရေးကြီးတာကတော့ တရားဥပဒေစိုးမိုးရေးကို အများကြီး တင်းကြပ်အောင် ဆောင်ရွက်ဖို့ လိုနေပါတယ်။

နောက်တစ်ချက်က  သားရိုင်းတိရစ္ဆာန် တရားမဝင် ကုန် သွယ်မှုကို ဘာလို့ တားဆီးဖို့လိုလဲဆိုတော့ နိုင်ငံမှာအရေးကြီးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေလို့ပါပဲ။ ဘာကြောင့်လဲဆိုရင်  သားရိုင်းတိရစ္ဆာန်အပါအဝင် လူမှောင်ခိုကူးတာ၊ သစ်မှောင်ခိုကူး တာ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးတာတွေဟာ ဒေသခံလူထုကို ငွေပေး၍ ဖြစ်စေ၊ ခြိမ်းခြောက်၍ ဖြစ်စေ ပါဝင်ပတ်သက်နေစေ ပါတယ်။ ဒါက ဒေသအတွင်း မတည်မငြိမ်ဖြစ်စေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်သလို နိုင်ငံတည်ငြိမ်ရေးကိုလည်း အများကြီး ထိခိုက်စေပါတယ်။ ဒါကြောင့် ဖြေရှင်းဖို့ အရမ်းအရေး ကြီးပါတယ်။

မော်ကွန်း။  ။ ဌာနဆိုင်ရာတွေမှာ အားနည်းချက်တွေ၊ လက် လှမ်းမမီမှုတွေ ရှိနေတယ်ဆိုရင် သားရဲတိရစ္ဆာန် မှောင်ခိုကူးတာ တွေကို ရပ်တန့်ပစ်ဖို့ ဖြစ်နိုင်ပါ့မလား။

နီကိုလာ့စ်ကော့စ်။  ။ ပြည်ထောင်စုအစိုးရအနေနဲ့ သူ့အောက်က သစ်တောဌာနလောက်နဲ့ဆိုရင်တော့ မလွယ်နိုင်ပါဘူး။ နောက် ‘ဝ’ လို ဒေသခံအစိုးရတွေ၊ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီးတော့ ပူးပေါင်းလုပ်မှ အဆင်ပြေမှာပါ။ ကျွန်တော်တို့ကတော့ ‘ဝ’အာဏာပိုင်တွေက ဘယ်လောက်စိတ်ဝင်စားတယ်၊ ဘယ် လောက် အာရုံစူးစိုက်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့လည်း မသိ ပါဘူး။

ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သားရဲတိရစ္ဆာန် ရောင်းဝယ်မှုတွေကို လျှော့ချဖို့ အခွင့်အလမ်းများနိုင်ပါတယ်။ နောက်တစ်ချက်က တရုတ်ပါ။ ရောင်းဝယ်ဖောက်ကားမှု အများ စုကို တရုတ်လူမျိုးတွေက ဝယ်ကြပါတယ်။ ဒါကြောင့် အနီးစပ်ဆုံး ယူနန်ပြည်နယ်က အစိုးရနဲ့လည်း ပူးပေါင်းပြီး ညှိနှိုင်းဆောင် ရွက်သင့်ပါတယ်။

အခုဆိုရင် တရုတ်အစိုးရကလည်း သူတို့နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတာကို သိတဲ့အတွက် တာဝန်ရှိတယ်ဆိုတာကို ပိုပြီးတွေးလာပါပြီ။ အခုဆိုရင် ယူနန်အစိုးရက သူတို့ပြည်တွင်းက မဟုတ်ဘဲ ပြည်ပက သစ်တောထွက်ပစ္စည်းတွေ သွင်းလာတာမျိုး အပေါ်မှာ ပိုတင်းကြပ်တဲ့ လမ်းညွှန်ချက်တွေ ထုတ်ထားတာတွေ ရှိလာပါပြီ။ ဒါကြောင့် မြန်မာအစိုးရကလည်း တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုအခွင့်အလမ်းများနိုင်ပါတယ်။

မော်ကွန်း။  ။ တရုတ်လူမျိုးတွေဟာ သူတို့နိုင်ငံမှာ သစ်တော ထွက်ပစ္စည်းတွေ နည်းပါးလို့ မြန်မာနိုင်ငံက ဝယ်နေတာလား။ သူတို့နိုင်ငံမှာ သစ်တောထွက်ပစ္စည်းတွေရဲ့ အခြေအနေ ဘယ် လိုရှိပါသလဲ။

နီကိုလာ့စ်ကော့စ်။  ။  ပထမတစ်ချက်က တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၁ ဒဿ      မ ၅ ဘီလီယံရှိတယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။ ဒါဟာ မနည်းပါဘူး။ ပြောရရင် လူအင်အားများတဲ့အတွက် ဝယ်လိုအား အများကြီးပါပဲ။ နောက်တစ်ချက်က တရုတ်လူမျိုး တွေရဲ့ ရှေးရိုးအစဉ်အလာကိုက သစ်တောထွက်ပစ္စည်းတွေကို တစ်ကိုယ်ရေကျန်းမာရေးအတွက် သုံးတာ၊ ရိုသေသမှုနဲ့ လက် ဆောင်အဖြစ် ပေးတာတွေဟာ ထုံးစံဖြစ်နေပါတယ်။

သူတို့တရုတ်နိုင်ငံမှာလည်း အရင်က ကောင်းကောင်း မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် သားငှက်တိရစ္ဆာန်တွေဟာ ဆုံးရှုံးခဲ့ ရပါပြီ။ အခုတော့ သူတို့လည်း ထိန်းသိမ်းလာနေပါပြီ။ သူတို့ဆီမှာ ဆုံးရှုံးသွားပြီဖြစ်လို့ ပတ်ဝန်းကျင်နိုင်ငံတွေက သွင်းရတဲ့ သဘောပါပဲ။ ယဉ်ကျေးမှုအစဉ်အလာပုံစံမျိုး ဖြစ်နေတဲ့အတွက် ဒါတွေကို ပြုပြင်ဖို့ဆိုရင် ချက်ချင်းတော့ မဖြစ်နိုင်ပါဘူး။ ပညာ ပေးဆောင်ရွက်ဖို့ဆိုရင် မျိုးဆက်နှစ်ဆက်လောက် ကြာနိုင်ပါတယ်။

တိရစ္ဆာန်အစိတ်အပိုင်းတွေကို သုံးတာ ကျန်းမာရေး အတွက် တကယ်အထောက်အကူဖြစ်တာ မဟုတ်ဘူး။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာရယ်၊ နောက်ပြီး သူတို့ ထုံးတမ်းစဉ်လာကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဥပဒေ ချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ သူတို့ကို အသိအမြင် ဖွင့် ပေးရမယ်။ ဒီလိုမှသာ သူတို့ရဲ့ ရှေးရိုးအစဉ်အလာကို တဖြည်း ဖြည်း ပြောင်းလဲလာကြမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကျားမွေးမြူရေးစခန်းတွေ ပေါ်လာတာ အရမ်းဆိုးပါတယ်။ မြန်မာနိုင်ငံမှာ ကျားမွေးမြူရေးစခန်းတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရသေးပေမယ့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ ဗီယက်နမ်တို့မှာဆိုရင် ဝယ်လိုအား အလုံအလောက်ပေးနိုင်ဖို့ ကျားမွေးမြူရေးစခန်းတွေ အလျှိုလျှို ပေါ်လာကြပါပြီ။

တစ်ဖက်က ကြည့်ရင် တောထဲကကျားတွေကို မထိခိုက် ဘူး ထင်ရပေမယ့် တကယ်တမ်းကျတော့ မွေးဖို့ ကျားက တောထဲ ကပဲ ဖမ်းရတာပါ။ ဖမ်းမယ်၊ စခန်းထဲမှာ ကျွေးထားမယ်၊ သူ တို့လိုချင်တဲ့အရွယ်ရောက်ရင် သတ်ရင်လည်း သတ်မယ်၊ ဒါမှ မဟုတ် အရှင်အကောင်လိုက် ရောင်းရင်လည်း ရောင်းမယ်။ ကျားမွေးမြူရေး စခန်းပေါ်လာတဲ့အတွက် ဈေးကွက်က ပို ကျယ်ပြန့်လာတယ်။ သူ့အစိတ်အပိုင်းတွေ ဒီအတိုင်းရောင်းတဲ့ အပြင်ကို အရှင်လည်း ရောင်းတယ်၊ ကျားပေါက်လေးတွေကို အိမ်မွေးတိရစ္ဆာန်လို ရောင်းတဲ့ပုံစံတွေ ပိုကျယ်ပြန့်လာပါတယ်။

မော်ကွန်း။  ။ ကျားတွေကို ထိန်းသိမ်းဖို့ အစိုးရဘာလုပ်ဖို့လိုမလဲ။

နီကိုလာ့စ်ကော့စ်။  ။  အဓိက ဈေးကွက် ဘယ်မှာရှိတယ်ဆိုတာ သိထားပြီးသားလေ။ ကျိုက်ထီးရိုး၊ ဘုရားသုံးဆူတို့မှာ ရောင်း နေကြတဲ့ ဈေးကွက်တွေကို ပိတ်သိမ်းဖို့ တရားဥပဒေစိုးမိုးရေး လိုအပ်တယ်။ ဈေးကွက်တွေ ပိတ်သိမ်းတာဟာ ပထမအဆင့်ပဲ ရှိပါသေးတယ်။ ပိတ်သိမ်းနိုင်ရင်တောင်မှ ကျားတွေ နေထိုင် နေတဲ့ တောတွေမှာ ကျားတွေကို မထိန်းသိမ်းပေးနိုင်ရင်တော့ ဘာမှမထူးပါဘူး။

တောတွေမှာ အရင်လိုပဲ ကျားတွေ ပစ်ခတ်ဖမ်းဆီးနေမယ်၊ နောက်ပြီး ကျားတင်မဟုတ်ဘူး ကျားတွေစားမယ့် အခြား အကောင်တွေကို ဒီလိုပဲ ပစ်ခတ်ဖမ်းဆီးနေမယ်ဆိုရင် ဘာမှမထူး ပါဘူး။ မျိုးသုဉ်းသွားမယ်။ မြန်မာနိုင်ငံမှာ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတာက ထမံသီနဲ့ ဟူးကောင်း ဘေးမဲ့ တောတွေမှာ ကျားတွေ ထိန်းသိမ်းထားတာဟာ တော်တော်လေး အောင်မြင်တယ်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ ဒီနှစ်ခုတည်း အောင်မြင်နေလို့မရပါဘူး။ မြန်မာ နိုင်ငံက ကျားတွေရှိတဲ့ နေရာတွေအားလုံးကိုလည်း စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေ၊ ဝန်ထမ်းအင်အားလုံလောက်မှုတွေ ထားပေးဖို့ လိုတယ်။ ရေရှည်အာရုံစိုက်ရမယ့် လုပ်ငန်းဖြစ်လို့ နိုင်ငံအနေနဲ့ ဘဏ္ဍာအင်အားအများကြီးလိုအပ်သလို လူ့စွမ်းအားအရင်း အမြစ်တွေလည်း လိုပါတယ်။ တောခေါင်း၊ တောကြပ်စတဲ့ အရည်အသွေးမြှင့်ပေးထားတဲ့ လူတွေအများကြီးလိုမယ်။ ပုံမှန် ကင်းလှည့်တာတွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလိုအပ်ပါတယ်။

မော်ကွန်း။  ။ လက်ရှိအခြေအနေအတိုင်း ဆက်နေမယ်ဆိုရင် ကျားတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ။

နီကိုလာ့စ်ကော့စ်။  ။  အတိအကျပြောဖို့ခက်ပါတယ်။ လက်ရှိ အနေအထားအတိုင်းဆိုရင်တော့ ကောင်းဖို့တော့မမျှော်လင့်ဘူး။ ရှေ့မှာလည်း ဥပမာတွေရှိခဲ့ပါတယ်။ အခုဆိုရင် လာအိုနဲ့ ဗီယက် နမ်နိုင်ငံတွေမှာ ကျားတွေ မျိုးသုဉ်းသွားပါပြီ။ ရှိကောင်းလည်း ရှိ မယ်။ ရှိမယ်ဆိုရင်တောင် ကျားတွေနေတဲ့ နေရာတွေက တစ် နေရာနဲ့ တစ်နေရာ အရမ်းအလှမ်းဝေးနေတဲ့အတွက် သူတို့ မျိုးပွားနိုင်စရာ အကြောင်းမရှိတော့ပါဘူး။

ဒါကို မြန်မာနိုင်ငံမှာလည်း ဒီလို အခြေအနေဆိုးသွားနိုင်ပါ တယ်။ အစိုးရကို တိုက်တွန်းချင်တာက လက်ရှိကျားတွေ ရှိနေ သေးတဲ့နေရာတွေကို ထိန်းသိမ်းရုံတင်မဟုတ်ဘဲ ပျက်စီးသွားတဲ့ နေရာတွေကိုပါ ပြန်ပြုပြင်လို့ရတယ်ဆိုတာ အိန္ဒိယက အကောင်း ဆုံး လုပ်ပြသွားပါပြီ။ အိန္ဒိယမှာ ကျားကောင်ရေ ပြန်ပြီးတက်လာ ပြီ။ ကျားမရှိတဲ့နေရာတွေကို ကျားတွေ ရှင်သန်နေထိုင်နိုင်လာ အောင် လုပ်ပေးခဲ့တာ ဖြစ်တယ်။ ကျားဆိုတဲ့သတ္တဝါက မျိုးပွား တာ အရမ်းမြန်ပါတယ်။

ကျားတွေကို သူတို့စားတဲ့အစားအစာ၊ သူတို့နေထိုင် တဲ့တောတွေကို ထိန်းသိမ်းပေးရင် သူတို့ ပြန်ပြီး မျိုးပွားပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရဆိုရင် ဒေသခံတွေကလည်း စိတ် ဝင်စားတာ တွေ့ရပါတယ်။ ပြည်ထောင်စုအစိုးရကလည်း ပံ့ပိုး ပေးနိုင်သလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပံ့ပိုးပေးလို့ရပါ တယ်။ ဒီလိုဆိုရင် အိန္ဒိယလို ကျားကောင်ရေ ပြန်များလာနိုင် ပါတယ်။     ။

 

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ အင်တာဗျူး ဖြစ်ပါသည်။

လင်းမြတ် တွေ့မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."