ရန်ကုန်-၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့မနက်အစောပိုင်းက ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒီနေ့အထိ ရွာထဲမှာတပ်စွဲကာ ပိတ်မိနေတဲ့ဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လက်ရှိအချိန်ထိတော့ ရွာနားကိုပြန်ကပ်လို့မရသေးတာကြောင့် ပိတ်မိသူဦးရေ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။
“လောလောဆယ် ဘာမှအတိအကျမသိရသေးဘူး။ စစ်ကြောင်းကလည်း သရက်ခေါင်းရွာထဲမှာပဲရှိသေးတယ်။ ကောင်လေးတစ်ယောက်တော့ သတ်ခံရတယ်လို့ကြားရတယ်။ ဘယ်နှစ်ယောက်ဖမ်းခံလိုက်ရတယ်ဆိုတာကို အခုချိန်ထိ ဂဃနဏကျွန်တော်တို့ မသိသေးဘူး” လို့ သူကပြောပါတယ်။
အခုလ ၂၅ ရက်ကနေ ၂၈ ရက်အထိ လေးရက်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူခရိုင် ဆီဆုံကြီးရွာက ဒေသခံတစ်ဦးနဲ့ ရွာသစ်ကျေးရွာက ဒေသခံနှစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
သရက်ခေါင်းရွာကို စစ်ကောင်စီတပ်ဟာ အင်အား ၁၅၀ ဝန်းကျင်ဟာ မနေ့က မနက် ၂ နာရီဝန်းကျင်က စီးနင်းခဲ့တာဖြစ်ပြီး အစောပိုင်းဖြစ်တာကြောင့် ထွက်ပြေးချိန်မရလိုက်လို့ ပိတ်မိသူများနိုင်တယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
သရက်ခေါင်းရွာကိုစီးနင်းတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ဘလူနယ်ထဲကို မကြာခဏ စစ်ကြောင်းထိုးကာ ရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်တဲ့ ခမရ-၃၆၁ စစ်ကြောင်းဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
“သရက်ခေါင်းမှာမီးရှို့ခံရတာသေချာတယ်။ အိမ်က ငါးလုံးထက်မနည်းဘူးရှို့ခံရတယ်” လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သရက်ခေါင်းရွာအပြင် အနီးနားက ဖလံချိုင်၊ တောင့်တည်ကုန်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ ဘိုတဲကုန်းစတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာကျော်က ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အခုလ ၁၄ ရက်အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိ ရှိလာပြီလို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစီးနင်းခံရပြီး ဒေသခံတွေပိတ်မိနေတဲ့ သရက်ခေါင်းရွာ
ဓာတ်ပုံ-MIMU
#Dailynews

