ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း)
စက်သုံးဆီလုပ်ငန်းရှင်တွေကို စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ အခုရက်ပိုင်းအတွင်း ထုတ်ရောင်းပြီးနောက် ကျဆင်းသွားတဲ့ဒေါ်လာဈေးဟာ အခုရက်ပိုင်းမှာတော့ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ အခုသီတင်းပတ်အတွင်းမှာ ဒေါ်လာ သန်း ၁၀၀ ခန့်ရောင်းချပေးခဲ့ပြီးနောက်မှာ ဒေါ်လာဈေးဟာ အကျဘက်ကို ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာကို ၅,၉၀၀ ကျပ်ဝန်းကျင်ကို ပြန်ရောက်သွားပေမယ့် လက်ရှိမှာ တစ်ဒေါ်လာကို ၆,၁၀၀ ကျပ် ဝန်းကျင်နဲ့ ပြင်ပဈေးကွက်မှာ ပေါက်နေတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်း ဒေါ်လာပြင်ပပေါက်ဈေးဟာ တစ်ဒေါ်လာကို ကျပ် ၇,၀၀၀ နီးပါးထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းမှာလည်း စက်သုံးဆီရှားပါးပြတ်လပ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်စစ်ကောင်စီဗဟိုဘဏ်ဟာ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အခုလ ၁၅ ရက်နဲ့ ၁၉ ရက်တို့မှာ ဒေါ်လာ သန်း ၁၀၀ နီးပါးကို ရောင်းချပေးခဲ့တာပါ။
ဒီလိုရောင်းချပေးပြီးနောက်မှာ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေ ပြန်လည်ရရှိလာပြီး တန်းစီတဲ့ကားတွေလည်း တဖြည်းဖြည်းပြန်လျော့နည်းလာခဲ့တာပါ။
အဲဒီနောက် အမေရိကန်ဒေါ်လာဟာလည်း အကျဘက်ကို ဦးတည်သွားက တစ်ဒေါ်လာကို ကျပ် ၆,၀၀၀ အောက် ပြန်ရောက်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းပဲ ကျပ် ၆,၀၀၀ အထက်ကို ပြန်လည်မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များပါဝင်တဲ့ FX Market Online Trading ကနေ တစ်ဒေါ်လာကို ၃,၄၀၀ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ ဒေါ်လာဈေးကွက်ကို အခုလိုဖြေရှင်းနေတာဟာ ယာယီပဲ အဆင်ပြေမှာဖြစ်ပြီး ဈေးကွက်လိုအပ်သလောက် မပံ့ပိုးပေးနိုင်သရွေ့ ငွေကြေးတန်ဖိုးကို ထိန်းထားနိုင်မှာမဟုတ်ဘူးလို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“အခုက ဆေးမြီးတိုနဲ့ကုနေသလိုပဲဖြစ်မှာပါ။ ဒေါ်လာလိုအပ်ချက်က တကယ်တမ်းက အပြင်မှာလိုသလောက် မဖြည့်ဆည်းနိုင်သရွေ့၊ ပြင်ပဈေးက မကျနိုင်ဘူး။ အခုထုတ်ရောင်းပေးတယ်ဆိုတာလည်း စက်သုံးဆီတင်သွင်းတဲ့သူတွေလောက်ပဲ ရောင်းပေးတာ။ ဈေးကွက်ထဲကို ချပေးတာမှမဟုတ်တာ” လို့ ၎င်းက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာလည်း စံချိန်တင်အမြင့်ဆုံး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။
အခုရက်ပိုင်းမှာတော့ ဒေါ်လာဈေးအနည်းငယ်ပြန်ကျလာသလို ရွှေဈေးဟာလည်း ပြန်လည်ကျဆင်းလာပြီး လက်ရှိမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၄ သိန်းဝန်းကျင်မှာ ရှိနေပါတယ်။
စစ်ကောင်စီလက်ထက်မှာ နယ်စပ်ပို့ကုန်လမ်းကြောင်းတွေ ပြတ်တောက်သွားတာ၊ နိုင်ငံခြားငွေကန့်သတ်ချက်တွေလုပ်ဆောင်လာပြီး ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်တွေ မြင့်တက်လာတာတွေကြောင့် ကျပ်ငွေတန်ဖိုးလည်း တဖြည်းဖြည်းကျဆင်းခဲ့ပြီး ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာလည်း သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တွေတင်ခဲ့ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကတော့ ရွှေတစ်ကျပ်သားကို ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာကိုလည်း ၁,၃၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိခဲ့ရာက အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ရွှေနဲ့ ဒေါ်လာဈေးတွေ လေးဆကျော်မြင့်တက်ခဲ့တာပါ။
Photo – Mawkun
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

