အောင်ပိုင်
ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမန်အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ကြောင့် အလုပ်သမားများ သပိတ်မှောက်ရာ ငါးရက်ကြာသည်အထိ တောင်းဆိုချက်များ မရသေးဘဲ အလုပ်သမားခုနစ်ရာနီးပါး ဆက်လက်သပိတ်ဆင်နွှဲလျှက်ရှိသည်ဟု အလုပ်သမားများနှင့်ဒေသခံများက ပြောသည်။
အလုပ်သမား၏ သဘောဆန္ဒမပါဘဲ ဌာနအပြောင်းအရွှေ့မလုပ်ရန်၊ ကြိုပို့ကားစီစဉ်ပေးရန်၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအား အကြောင်းရှာခံဝန်လက်မှတ်ထိုးခိုင်းသည့် HR မန်နေဂျာကို အလုပ်ထုတ်ရန်၊ အခြားစက်ရုံများနှင့် နှုန်းထားတူ ရက်မှန်ကြေးပေးရန် စသည့်တောင်းဆိုချက်များ ပါဝင်သော အချက် ၄၂ ချက်ကို အလုပ်သမားဥပဒေနှင့်အညီ ပြီးခဲ့သည့်အောက်တိုဘာလကတည်းက တောင်းဆိုခဲ့ကြသည်။
စက်ရုံတွင်းအဆင့်၊ မြို့နယ်အဆင့်မှတစ်ဆင့် တိုင်းခုံသမာဓိအဆင့်ထိတင်ပြတောင်းဆိုခဲ့သော်လည်း အချက်ရှစ်ချက်ကျန်နေသေးသောကြောင့် ဆက်လက်သပိတ်မှောက်ရခြင်းဖြစ်သည်ဟု ၎င်းစက်ရုံမှ အလုပ်သမားသမဂ္ဂဥက္ကဌ မခိုင်နွေဦးမွန်ကပြောသည်။
“ဒီနေ့အထိ ညှိနေတုန်းပဲ ရှိသေးတယ်။ မရမချင်း သပိတ်မှောက်သွားမယ် ” ဟု ၎င်းက ပြောသည်။
ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးပြည့်စုံက “ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်မှာ အချက်ရှစ် ချက်ကျန်နေသေးတာကို မကျေနပ်လို့ သပိတ်မှောက်ကြတာ” ဟု မော်ကွန်းကိုအတည်ပြုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကိုမေးမြန်ရန် စက်ရုံရုံးဖုန်းနံပါတ်သို့ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ ယင်းစက်ရုံတွင် စက်ရုံအလုပ်သမား တစ်ထောင်ဝန်းကျင်ရှိပြီး ဒီဇင်ဘာ ၉ ရက်နေ့က စတင်ကာသပိတ်မှောက်ကြခြင်းဖြစ်သည်။
Photo – supplied
#mawkun #magazine #chronicle #dailynews