ဟေမာန်ပြည့် ရေးသည်။
ရန်ကုန် (ဧပြီ-၅)
ကန်တော်ကြီးကရဝိတ်ဥယျာဉ်ကမ္ဘာမြေနေရာအား ဇေကမ္ဘာကုမ္ပဏီသို့နှစ်ရှည်ငှားရမ်းထားရာတွင် ကာလပေါက်ဈေးထက် များစွာလျှော့နည်းနေသည့်အတွက်တစ်နှစ်လျှင် ၁၉ ဘီလီယံကျော်နစ်နာနေကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ပြောကြားလိုက်သည်။
ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ၂၀၁၅ – ၁၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကန်တော်ကြီးကရဝိတ်ဥယျာဉ်ကမ္ဘာ ပန်းခြံမြေဧက ၁၈ ဒသမ ၇၃၁ ဧကအား ၂၀၁၀ မှ ၂၀၁၅ အထိ ငါးနှစ်ကို တစ်နှစ်လျှင်ကျပ်သိန်း ၃၀၀ ဖြင့် ဌားရမ်းခဲ့ရာနည်းပါးလွန်းသဖြင့် ဒုတိယငါးနှစ်အတွက်စာချုပ်ချုပ်ဆိုရာတွင် တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့်တိုးမြှင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။ ထိုဈေးနှုန်းမှာလည်းကာလပေါက်ဈေးထက် များစွာ လျှော့နည်းနေပြီး ကျပ် ၁၉ ဒသမ ၉၂ ဘီလီယံခန့်နစ်နာနေသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဓာတ်ပုံ -ဟေမာန်ပြည့်/မော်ကွန်းမဂ္ဂဇင်း
ဒါ့အပြင် အစီရင်ခံစာတွင် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့ဥယျာဉ်အတွင်းမြေဧက ၇၆ ဒသမ ၃၆ အား Natural World ကုမ္ပဏီသို့ ငှားရမ်းထားရာတွင်လည်းကာလပေါက်ဈေးထက်များစွာလျှော့နည်းနေပြီးတစ်နှစ်လျှင် ကျပ် ၁၄ဒသမ ၂၈၁ ဘီလီယံ နစ်နာလျှက်ရှိကြောင်းစာရင်းစစ်ချုပ်၏အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။
ထိုသို့ ဌားရမ်းခဈေးနှုန်းများအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင်လည်း ဌာနကရရှိမည့်အခန်းများအား အကျိုးတူရင်နှီးမြှုပ်နှံသည့် ကုမ္ပဏီများအားရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ငှားရမ်းခကိုလည်းအနည်းဆုံးငါးနှစ်မှ တစ်ကြိမ်သာတိုးမြှင့်ပြီးအမြင့်ဆုံး ၁၀ ရာခိုင်နှုန်းသာ တိုးမြှင့်ခွင့်ပြုထားကာ ပြည်သူလူထုအနေဖြင့် ပွင့်လင်းမြင်သာစွာဝယ်ယူခွင့်မရရှိဘဲလုပ်ငန်းရှင်များအကျိုးအတွက် အလေးပေးချုပ်ဆိုထားသကဲ့သို့ ဖြစ်နေသည်ဟုအစီရင်ခံစာတွင်ဖော်ပြထားသည်။