ဇေယျာမြင့်၊ ဇန်နဝါရီ-၂
ရန်ကုန်မြို့ရှိ သမိုင်းဝင် ဝန်ကြီးများရုံးတွင် အရက်ရောင်းချရန် လိုင်စင်လျောက်ထားမှုကို ကန့်ကွက်သူတွေရှိတာကြောင့် လိုင်စင်ချပေးတော့မှာမဟုတ်ဘူးလို့ ဗိုလ်တစ်ထောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ယနေ့ပြောပါတယ်။
ဝန်ကြီးများရုံးမှာ အရက်တွေရောင်းချမှာနဲ့ပတ်သက်လို့ ” ပြည်သူတွေကလည်း ကန့်ကွက်တယ်။ မီဒီယာတွေ ကလည်းကန့်ကွက်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကန့်ကွက်ကြတယ်” လို့ ၎င်းက ပြောတယ်။
ဒီဇင်ဘာ ၉ ရက်တွင် ဝန်ကြီးများရုံးအတွင်း အရက်ရောင်းချဖို့ ယစ်မျိုးလိုင်စင် လျောက်ထားခဲ့ရာ အများပြည်သူကန့်ကွက်မှုရှိ၊မရှိသိရဖို့ ဗိုလ်တစ်ထောင်မြို့နယ်၊ ထွေအုပ်ရုံးက ထုတ်ပြန်စာနဲ့ ကြေညာခဲ့ပါတယ်။
ဗိုလ်တစ်ထောင်မြို့နယ်အတွင်းမှာပဲနေထိုင်တဲ့ နိုင်ငံခြားဖြစ်အရက်ရောင်းချခွင့်လိုင်စင် ရရှိပြီးသား ပုဂ္ဂိုလ်နှစ်ဦး ဖြစ်တဲ့ ဦးသော်တာနှင့် ဦးကျော်သူလတ်တို့က သူတို့ရရှိထားတဲ့ အရက်ရောင်းချခွင့်လိုင်စင်တွေကို ဝန်ကြီးများရုံးအတွင်း ပြောင်းလဲလုပ်ကိုင်ခွင့်ပြုရန် တင်ပြခဲ့တာလို့ ထွေအုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ယခင်ကလည်း ဝန်ကြီးများရုံးထဲမှာ စင်္ကာပူနိုင်ငံရင်းနှီးမြုပ်နှံမှုတစ်ခုက ကျန်းမာရေးအနှိပ်ခန်းလာရောက်ဖွင့်လှစ်ခဲ့ရာ အများပြည်သူက ကန့်ကွက်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် လွှတ်တော်အဆင့်ထိကြားနာပွဲလုပ်ပြီး ထိုလုပ်ငန်းကိုပိတ်သိမ်းခိုင်းခဲ့ပါတယ်။
အခုအခါ ဝန်ကြီးများရုံးထဲမှာ ပန်ချီပြခန်း၊ ကော်ဖီဆိုင်၊ ကြက်ကြောဆိုင်နဲ့ ကိတ်မုန့်ဆိုင်တွေကို ဖွင့်လှစ်ရောင်းချနေ ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်၊ ၂၀၁၄ မှာ ဒီဝန်ကြီးများရုံးစီမံခန့်ခွဲခွင့်အတွက် အနော်မာကုမ္ပဏီကို နှစ် ၅၀ လုပ်ပိုင်ခွင့် ချထားပေးခဲ့ပါတယ်။
#dailynews