ကနီ – ၂၀၂၂ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ရွာက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး အာဏာသိမ်းစစ်တပ်က ပစ်သတ်ခဲ့ပြီး အိုင်တောင်ကျေးရွာကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေကစပြီး ကနီမြို့နယ် အိုင်တောင်ရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ရွာနေပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်က ရွာထဲမှာတပ်စွဲထားတာကြောင့် ဝင်ရောက်ငြှိမ်းသတ်ဖို့ အခက်အခဲရှိခဲ့ပြီး နေအိမ် ၁၄ လုံးအား မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဘုတလင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်၊ ချိုင်ရွာကို ကူးသန်းလာခဲ့ပါတယ်။
အဆိုပါကျေးရွာက အသက် ၃၅ အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးဟာ ရွာထဲကျန်နေခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကာ မနေ့က စစ်တပ်ထွက်သွားမှ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကနီမြို့နယ်၊ ချိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ အနီးနားကရွာတွေက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုံစာ – အိုင်တောင်ကျေးရွာမီးရှို့ခံရစဥ်
ဓါတ်ပုံ-နယ်ခံ
#Dailynews

