ကနီ-၂၀၂၃ မတ် ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကနေ ကြို့ပင်သာရွာဘက်ကို ကင်းစောင့်ဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို မနေ့က ၁၁ နာရီခွဲဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေ စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“သတင်းအတိအကျရလို့စောင့်နေတာ၊ အခုက ခွေး နှစ်ကောင်သေတယ်။ နှစ်ကောင်အပြင်းအထန် ဒဏ်ရာရတယ်။ ကင်းစောင့်ဖို့အထွက်ကို ကျွန်တော်တို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ကျွန်တော်တို့ဘက်ကတော့အထိအခိုက်မရှိဘူး” လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူကပြောပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်မှာ စစ်ကောင်စီဘက်က ကနီမြို့ပေါ်ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ တပ်ကူတွေလာတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီးတပ်မဟာ၊ ခရိုင်တပ်ရင်း ၂၊ DPRAအဖွဲ့နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
Photo – KLG ကျောက်လုံးကြီးတပ်မဟာ
#Dailynews