ကနီ-၂၀၂၄ မတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ဒေသခံတော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ပြန်တပ်စွဲထားလို့ ကနီမြို့ခံတွေ လက်ရှိအချိန်အထိ မြို့ပေါ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“ အဓိကက မပြန်ရဲတာပေါ့။ မြို့ပေါ်ရွှေစည်းခုံကုန်းကနေ လက်နက်ကြီးနဲ့ ရွာတွေထဲထုတာတွေလည်းရှိတယ်။ မြို့ပေါ်မှာ အခုလက်ရှိတော့ စစ်တပ်နဲ့ သူတို့ဝန်ထမ်းတချို့တော့ ရှိတယ်၊ တိုက်ပွဲဖြစ်တုန်းက မင်းကင်းကနေ မုံရွာသွားရင်း ကနီမှာပိတ်မိတဲ့ ကြံ့ခိုင်ရေးကအဖွဲ့တွေလည်း အခုရှိတယ်။ ဒေသခံတွေကတော့ မပြန်ရဲကြဘူး”လို့ ကနီအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကနီမြို့ပေါ်မှာ အခုလ ၂ ရက်ကစလို့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် တော်လှန်ရေးတပ်တွေ တပ်ပြန်ဆုတ်လိုက်ရပါတယ်။
လက်ရှိအချိန်မှာတော့ ကနီမြို့ပေါ်အပါအဝင် အနီးနားက ကျေးရွာတွေက ထောင်ချီတဲ့ဒေသခံတွေဟာ တိုက်ပွဲမဖြစ်သေးတဲ့ရွာတွေ၊ တောတွေနဲ့ မုံရွာမြို့ စတဲ့နီးစပ်ရာဒေသတွေကို တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အိမ်နားမှာ သူတို့စခန်းလည်းရှိနေတော့ မပြန်ရဲသေးတာ၊ တိုက်ပွဲစဖြစ်တဲ့နေ့က ဒီတိုင်းပစ်ပြေးလာရတာဆိုတော့ ပစ္စည်းတွေကတော့ ကျန်ခဲ့တာပဲ။ သူခိုးလည်းကြောက်ရသေးတယ်။ ဒါပေမယ့် မြို့ထဲမှာ စစ်တပ်ကရှိနေတော့ လောလာဆယ် မပြန်ရဲလို့ မပြန်သေးဘူး၊ အခြေအနေကြည့်နေတုန်းပဲ” လို့ ကနီမြို့ပေါ် အမှတ် ၂ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာ ပြန်တပ်စွဲထားပြီး ကနီမြို့အနီးက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုး ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကနီမြို့ခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။
ကနီမြို့ပေါ်တိုက်ပွဲ ၁၂ ရက်အတွင်း နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့သလို နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း များခဲ့ပါတယ်။ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။
မြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်မြို့လုံးနီးပါးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုကြပါတယ်။
၁၂ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့တဲ့ ကနီမြို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မုံရွာမြို့နဲ့ မိုင် ၄၀ ဝန်းကျင်သာဝေးပြီး မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်းတစ်ရာကျော်နဲ့ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေး လုပ်ငန်းအဓိက လုပ်ကိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-ကနီမြို့အဝင်မုခ်ဦးကို အခုလ အစောပိုင်းက မြင်တွေ့ရစဉ်။
ဓာတ်ပုံ-ပေးပို့