ခန္ဓာကိုယ်ထဲက အမြစ်တွယ်လူသတ်သမား ‘ကင်ဆာ’ အပိုင်း(၁)

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၁)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

နှင်းကို၊သက်ဦးမွန်၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။

အပတ်စဉ် တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် ကြက်သွေးရောင် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ အဆောင်ငယ်လေးတစ်ခုသည် ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုတာကို တမျှော်မျှော်နှင့် စောင့်နေကြသည့် ဒေါ်ခင်မြအောင်တို့လို လူနာတွေနှင့်ပြွတ်သိပ်နေတတ်သည်။ထိုအဆောင်လေးကား ကင်ဆာဝေဒနာသည်များကိုဓာတ်ကင်ပေးသည့် အခန်းလေးဖြစ်သည်။ သက်ဆိုင်ရာဆေးရုံဝန်ထမ်းများက ဓာတ်ကင်ရန် အလှည့်ကျသူများ၏ နာမည်များကို ခေါ်ပေးနေသည့်တိုင် ကင်ဆာဝေဒနာသည်များသည် ကိုယ့်အလှည့်ကျော်သွားလေမည်လား စိုးရိမ်စိတ်နှင့် အတင်းတိုးဝှေ့ကြလေ့ရှိပါသည်။သူတို့၏မျက်လုံးများကားမျှော်လင့်ချက်များဖြင့်အရောင်လက်နေတတ်ကြသည်ကင်ဆာဝေဒနာသည်များအတွက် သီးသန့်ဌာနတစ်ခုဖြစ် သည့် ဓာတ်ရောင်ခြည်ဌာန၊ ပါမောက္ခဆရာဝန်ကြီး ဒေါက်တာ စိုးဦးမောင်၏ အခန်းနံပါတ် ၁ဝ၁ ရှေ့တွင် စိတ်လှုပ်ရှားစွာနှင့် မိမိ အလှည့်ရောက်လာနိုး စောင့်မျှော်ရသည့်အဖြစ်ကို ဒေါ်ခင်မြ အောင်က ”ဆယ်တန်းအောင်စာရင်း ကြည့်ရသလိုပဲ”ဟု သုံး နှုန်းသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်နေသည့် အသက် ၆၂ နှစ် အရွယ် ဒေါ်ခင်မြအောင်သည် သားအိမ်ခွဲထုတ်ထားသည်မှာ လေးလကျော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် နောက်ဆက်တွဲကုသမှုအဖြစ် ဓာတ်ရောင်ခြည်ကင်ဖို့ စောင့်ဆိုင်းနေသည်မှာ ရက်တစ် ရာပင်ပြည့်သွားပြီဖြစ်သည်။ သူနှင့် တွေ့ဆုံခဲ့သည့် ဇန်နဝါရီ ၆ ရက်အထိ သူ့အလှည့်မကျသေး။

အစိုးရ၏ ကိန်းဂဏန်းအရ မြန်မာနိုင်ငံ၌ ကင်ဆာရောဂါရှိ သူဦးရေမှာ ၇ဝ,ဝဝဝကျော်ရှိသည်ဟု ဆိုပါသည်။ သို့သော်လည်း ကင်ဆာဝေဒနာရှင်များကို ကုသပေးနိုင်သည့်ဆေးရုံမှာ တစ် နိုင်ငံလုံး အနေအထားနှင့် ကြည့်မည်ဆိုလျှင် ရန်ကုန်၊ မန္တလေး နှင့် တောင်ကြီးတို့တွင်သာ ကင်ဆာဆေးရုံနှင့် ဓာတ်ကင်ဌာနများ ရှိပြီး အဆိုပါဆေးရုံးသုံးရုံမှ နှစ်စဉ်ကုသပေးနိုင်စွမ်းမှာ ရောဂါ ဖြစ်သူအားလုံး၏ ၁ဝ ရာခိုင်နှုန်း(ဝေဒနာရှင် ၇,ဝဝဝ ဦး) ခန့်သာ ရှိသည်ဟုဆိုပါသည်။

မြန်မာနိုင်ငံ၌ ကင်ဆာဖြစ်ပွားသူများလှသော်လည်း ၎င်း တို့ကို ကုသပေးနိုင်မည့် ဆေးဝါးကုသရေးဌာန၊ ဓာတ်ရောင်ခြည် စက်နှင့်ဆေးဝါး၊အကူပစ္စည်းဆို၍လုံလုံလောက်လောက်မရှိသေးသည်ကိုတွေ့ရသည်။လက်ရှိကင်ဆာရောဂါကုဆေးရုံသုံးရုံတွင် ဓာတ်ရောင် ခြည်ကုသမှုခံယူရန် စောင့်ဆိုင်းရသည့်အချိန်မှာ သုံးလမှ ငါးလ အထိ ကြာမြင့်တတ်သည်ဟုဆိုပါသည်။

ထို့ကြောင့်လည်း ပုသိမ်၊ မကွေး၊ ပဲခူး၊ မော်လမြိုင်၊ စစ် ကိုင်းနှင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့ကြီးများရှိ ဆေးရုံများတွင် ဓာတ်ရောင်ခြည်စက်များ တိုးချဲ့ရန် ရှိ၊ မရှိကို ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အင်း စိန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးမြင့်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်း အောင်က ပြန်ဖြေရာမှာတော့ ပုသိမ်မြို့၊ မကွေးမြို့၊ ပဲခူးမြို့နှင့် မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတို့တွင် ဓာတ်ရောင်ခြည်စက် များ တိုးချဲ့တပ်ဆင်ရန် အစီအစဉ်မရှိသေးဟု ဆိုပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီးတို့တွင် တပ်ဆင်အသုံးပြုနိုင်ရန် အဆင့်မြင့်ဓာတ် ရောင်ခြည်ကုစက်ဖြစ်သည့် Linear Accelerator ဝယ်ယူ ရောက်ရှိပြီးဖြစ်၍ အဆောက်အအုံများပြုပြင်ခြင်းနှင့် စက်တပ် ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဒေါက်တာသန်းအောင်က ဖြေဆိုခဲ့ပါသည်။

အချိန်နှင့် ကင်ဆာ လူကို မစောင့်

ကင်ဆာဝေဒနာသည်များအဖို့ အသက်ရှင်သန်နိုင်ရေး အတွက်မူ ဓာတ်ရောင်ခြည်ကင်ရန် လအတန်ကြာစောင့်ရခြင်း နှင့် ကုသစရိတ်မြင့်မားခြင်းတို့မှာ ကြီးစွာသော အဟန့်အတား များဖြစ်ရသည်ဟု ကင်ဆာရောဂါကု ဆရာဝန်များက ဆိုပါသည်။

သို့ဖြစ်ရာ ဆေးဝါးမကုသနိုင်ဘဲ သေဆုံးသွားကြသည့် လူနာများစွာ ရှိနေနိုင်သည်ဟု ကင်ဆာရောဂါကု ဆရာဝန်များက ထောက်ပြကြပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် မိမိကိုယ်မိမိ ကင်ဆာဖြစ်လို့ဖြစ်မှန်းပင် မသိလိုက်ကြဘဲ အသက် ပေးသွားခဲ့ကြရသူများရှိသည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကင်ဆာရောဂါအဖွဲ့မှ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစိုးအောင်က UMFCCI တွင် ၂ဝ၁၃၊ အောက်တိုဘာ ၃ဝရက်နေ့က ကျင်းပ ခဲ့သော ‘ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ် ပေး’ အမည်ဖြင့် ဟောပြောပွဲတစ်ခုတွင် ပြောဆိုသွားခဲ့ပါသည်။

”စားဝတ်နေရေး ရုန်းကန်နေကြရလို့ ဆေးလာမကုနိုင်ကြ တော့ဘူး။ Radiation(ဓာတ်ကင်တာ)က အလကားပေးတယ်၊ ဆေးပဲ ကိုယ့်ကိုယ်ကိုယ် ဝယ်ရမှာ။ ဒါတောင် ဆေးလာကုဖို့ အတွက် အလုပ်ပျက်မှာကြောက်လို့ အချိန်မပေးနိုင်လို့ အသက် ဆုံးရတဲ့သူတွေရှိတယ်”ဟု အောက်မြန်မာပြည် ဆေးသုတေသန ဦးစီးဌာန၊ ကင်ဆာရောဂါသုတေသနဌာနခွဲ၏ အကြံပေးလည်း ဖြစ်သည့် ပါမောက္ခဒေါက်တာစိုးအောင်က ဆိုပါသည်။ကင်ဆာရောဂါကား မြန်မာလူမျိုးများကို အဓိက ခြိမ်းခြောက်နေသော ရောဂါကြီးများအနက် ရှေ့ဆုံးတန်းမှ ပါဝင်သည့် ရောဂါတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်သူဦးရေမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ခန့်မှန်းတွက်ချက်မှုများအရလူဦးရေတစ်သိန်းလျှင် ကင်ဆာဖြစ်ပွားသူဦးရေမှာ ၁၅ဝ ဝန်းကျင်ရှိသည်ဟုဆိုပါသည်။

မြန်မာနိုင်ငံ၏လူနေမှုအဆင့်အတန်းနှင့်စီးပွားရေးအခြေအနေများကြောင့်ယခုဆိုလျှင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကင်ဆာဖြစ်ပွားမှုနှုန်းသည်အနည်းဆုံးလူတစ်သိန်းဝန်းကျင်ရှိလိမ့်မည်ဟုပါမောက္ခဒေါက်တာစိုးအောင်ကဟောပြောပွဲတွင်ခန့်မှန်းပြောဆိုခဲ့ပါသည်။ခွဲစိတ်ဆရာဝန်ကြီးပါမောက္ခဒေါက်တာမြသိန်းဟန်ကမြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှုကို အသေအချာသုတေသနလုပ်နိုင်သည့်အခြေအနေမရှိသေးသော်လည်းကင်ဆာဖြစ်ပွားမှုနှုန်းသည်ပိုမိုမြင့်တက်လာနေသည်ကို အခိုင်အမာပြောနိုင်သည်ဟု ဆိုသည်။သူ အဓိကခွဲစိတ်သည့် ရင်သားကင်ဆာရောဂါဝေဒနာရှင်များသည်ပင် နေ့စဉ်သုံးယောက်မှ ငါးယောက်ကြားရှိသည်ဟုဆိုပါသည်။

”တစ်လဆိုရင် ဘယ်လောက်ရှိမလဲ တွက်သာကြည့်တော့။ဒါက ရင်သားပဲရှိသေးတာ၊ အသည်းကင်ဆာတို့၊ သားအိမ်ကင်ဆာတို့ မပါသေးဘူး”ဟု ဒေါက်တာမြသိန်းဟန်က ဆိုသည်။ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ကုသကြသည့် ကင်ဆာအမျိုးအစားထဲတွင်တော့ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာက အများဆုံးဖြစ်နေပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့ ် မွန်ပြည်နယ်တို့မ ှ ဝေဒနာသည်တို့က လူနာအားလုံး၏၉ဝ ရာခိုင်နှုန်းရှိနေသည်ဟု ပါမောက္ခဒေါက်တာစိုးအောင်ကဆိုပါသည်။

အခြားတိုင်းနှင့် ပြည်နယ်တို့မှ လူနာအရေအတွက်မှာ ၁ဝရာခိုင်နှုန်းခန့်သာရှိကြောင်းလည်း သူလေ့လာထားသည့်တွေ့ရှိချက်များအပေါ် အခြေခံပြီး ပါမောက္ခဒေါက်တာစိုးအောင်က ပြောပြသည်။”ကျန်တိုင်းနဲ့ပြည်နယ်ဆယ်ခုမှာ ကင်ဆာမဖြစ်လို့လားဆိုတော့ မဟုတ်ဘူး။ စီးပွားရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးစတဲ့အခြေအနေတွေကြောင့်ပဲ။ ကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတကလည်းနည်းတယ်”ဟု ၎င်းက ထပ်ပြောသည်။၁၉၉၈ခုနှစ်မှ ၂ဝဝဝပြည့်နှစ်အထိ သုံးနှစ်အတွင်း ရရှိသော မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးကင်ဆာရောဂါမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး ဒုတိယအဖြစ်အများဆုံးမှာ ရင်သားကင်ဆာဟု ဆိုပါသည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ရန်ကုန်ကင်ဆာဌာနကို လာရောက်ကုသမှု ခံယူသည့် ကင်ဆာလူနာများထဲတွင် အမျိုးသမီးနှင့် အမျိုးသားအချိုးမှာ တူညီနေသော်လည်း နောက်ပိုင်းတွင ်တော့ အမျိုးသမီးကင်ဆာဖြစ်သူအရေအတွက်မှာ အမျိုးသားများထက် တစ်ဆခွဲပိုမို များပြားလာသည်ဟုလည်း ပါမောက္ခဒေါက်တာစိုးအောင်က ဆိုသည်။ကင်ဆာရောဂါသည် တစ်ကမ္ဘာလုံးကို နှိပ်စက်နေသောရောဂါကြီးတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(World Health Organization-WHO)၏ ၁၉၈၅ ခုနှစ်ကတွက်ချက်မှုအရကင်ဆာရောဂါကြောင့် နှစ်စဉ် သေဆုံးသူဦးရေသည် ချမ်းသာသည့်နိုင်ငံများတွင် နှစ်သန်းရှိပြီး ဆင်းရဲသည့်နိုင်ငံများတွင် သုံးသန်းရှိသည်ဟု ဆိုပါသည်။လာမည့်နှစ်(၂ဝ၁၅)လောက်တွင် ကင်ဆာရောဂါဖြင့်သေဆုံးနိုင်သူဦးရေသည် ချမ်းသာသောနိုင်ငံများတွင် သုံးသန်း(၅ဝရာခိုင်နှုန်း)အထိ တိုးလာနိုင်ပြီး ဆင်းရဲသောနိုင်ငံများတွင်တော့ ခြောက်သန်း (၁ဝဝရာခိုင်နှုန်း)အထိ တိုးလာနိုင်ကြောင်း WHO က ခန့်မှန်းတွက်ချက်ထားသည်။ပညာရှင်များအဆိုအရ လူတစ်ယောက်ချင်းစီ၏ ကင်ဆာရောဂါ ဖြစ်နိုင်ခြေသည် ၂၅ရာခိုင်နှုန်းရှိသည်ဟုဆိုပါသည်။မှန်းဆတွက်ချက်မှုများအရ ကမ္ဘာတွင် ကင်ဆာဖြစ်ပွားမှုနှုန်းသည်လေးယောက်လျှင် တစ်ယောက်နှုန်းဖြစ်နိုင်သည်ဟု ပါမောက္ခဒေါက်တာစိုးအောင်က ဆိုပါသည်။

ကင်ဆာ ဘယ်ကလာ

WHO ၏ တွက်ချက်မှုအရ ကင်ဆာဖြစ်ပွားရခြင်း၏ ၉ဝရာခိုင်နှုန်းလောက်နီးနီးသည် လူတို့၏ အနေအထိုင်၊ အစားအသောက်စသည့် လူနေမှုပုံစံများ၊ အလေ့အထများကြောင့်ဖြစ်ရသည်ဟုဆိုပါသည်။ထိုအဖွဲ့၏ မှတ်တမ်းအရဆိုလျှင် ကင်ဆာဖြစ်ရသည့်အကြောင်းအရင်းများအနက် အစားအသောက်ကြောင့် ၃၅ ရာခိုင်နှုန်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ၃ဝ ရာခိုင်နှုန်း၊ဗိုင်းရပ်စ်ပိုးကြောင့်၁ဝရာခိုင်နှုန်းရှိသည်ဟုဆိုပါသည်။အခြားအကြောင်းရင်းများအနက် လိင်ဆက်ဆံမှုကြောင့်၇ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်အန္တရာယ်ကြောင့် ၄ ရာခိုင်နှုန်း၊ အရက်နှင့် နေရာဒေသကြောင့် ကင်ဆာဖြစ်မှုမှာ ၃ ရာခိုင်နှုန်းစီ ဖြစ်ပြီးပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ၂ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။ စက်ရုံစွန့်ပစ်ပစ္စည်းများ၊ ဆေးဝါးနှင့် မျိုးရိုးလိုက်မှုတို့ကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ တစ်ရာခိုင်နှုန်းအောက်စီ ရှိသည်ဟုဆိုပါသည်။

စိုစွတ်ထိုင်းမှိုင်းပြီး မှိုတက်နေသည့် မြေပဲ၊ ငရုတ်သီးခြောက် စသည့်(အဖလာတောက်စင်-Aflatoxin အဆိပ်ပါ)အစားအစာများသည် အသည်းကင်ဆာကို ဖြစ်စေသည်ဟုဆိုပါသည်။ ဓာတုဆိုးဆေးများပါသည့် အစားအစာများ၊ ဆားသိပ်၊ကျပ်တိုက်၊ ကျပ်တင်ထားသည့် အစားအစာများ၊ အကျက်လွန်ပြီး တူးနေသည့် အစားအစာများသည်လည်း ကင်ဆာဖြစ်စေမှုကိုအားပေးသည်ဟု ပါမောက္ခဒေါက်တာစိုးအောင်က ဆိုသည်။ကင်ဆာရောဂါသည် ခန္ဓာကိုယ်တွင်းက ပုံမှန်မဟုတ်သောဆဲလ်များ အထိန်းအကွပ်မရှိ ပွားများခြင်းကို ဆိုလိုသည်ဟုပါမာက္ခဒေါက်တာမြသိန်းဟန်က အဓိပ္ပာယ်ဖွင့်သည်။ကင်ဆာက သာမန်အနာမျိုးနှင့် မတူလှပါ။ ကင်ဆာအကျိတ်ကို ခွဲထုတ်လိုက်လျှင်တောင် ပုံမှန်မဟုတ်သည့် ဆဲလ်များက ထပ်ပွားနိုင်သေးသည်ဟု ဒေါက်တာမြသိန်းဟန်က ရှင်းပြသည်။ ထိုသို့ ပွားများသည့်နေရာတွင်လည်း တစ်နေရာတည်းမဟုတ်ဘဲ တခြားသော ပတ်ဝန်းကျင်ရှိ ကိုယ်ခန္ဓာအစိတ်အပိုင်းများထဲအထိ တိုးဝင်အမြစ်တွယ်လေ့ရှိသည်ဟု ဆိုပါသည်။

ကင်ဆာသည် ခန္ဓာကိုယ်ပေါ်နှင့် ကိုယ်တွင်းရှိ အစိတ်အပိုင်းတစ်ခုပေါ်မူတည်ပြီး ရောဂါပုံစံ ကွာခြားတတ်သကဲ့သို့ရောဂါလက္ခဏာတို့သည်လည်း ကွဲပြားတတ်ပါသည်။ အဖုအကျိတ်များ ဖြစ်ပေါ်လာပါက ကင်ဆာသတိပြုမိကြစေဖို့ တိုက်တွန်းလေ့ရှိသော်လည်း အဖုအကျိတ်တိုင်း၏ ၉ဝ-၉၅ ရာခိုင်နှုန်းသည် ကင်ဆာမဖြစ်နိုင်ဟု ဒေါက်တာမြသိန်းဟန်က ရှင်းပြပါ သည်။

ကင်ဆာဝေဒနာသည်အများစု မသေသင့်ဘဲ သေကြရသည်မှာ ကင်ဆာနှင့်ပတ်သတ်သည့်အသိအမြင၊် ဗဟသုတု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရသည်ဟု ကင်ဆာကျွမ်းကျင်ပညာရှင်များက ဆိုပါသည်။လူအများစု (အထူးသဖြင့် ကျေးလက်နေထိုင်သူအများစု)ယူဆထားကြသည်မှာ ကင်ဆာရောဂါဖြစ်ပြီဆိုလျှင် သေခြင်းမှအပ အခြားလမ်းမရှိဟူသော အချက်ပင်ဖြစ်သည်။ အမှန်ဆိုလျှင်ကြိုတင်သိရှိမည်ဆိုပါက လက်ဦးမှုရယူ ကုသနိုင်သည်ကို အများစုက မသိရှိကြပေ။”ကင်ဆာဖြစ်ရင် သေမိန့်ကျတာပဲ၊ ကုလို့မရဘူးဆိုတဲ့ခံယူချက်ကို ဖျောက်ပစ်ဖို့လိုတယ်”ဟု ပါမောက္ခဒေါက်တာစိုးအောင်က ကင်ဆာအကြောင်း သိကောင်းစရာ ဟောပြာပွဲတွင်ထည့်ပြောခဲ့ပါသည်။”ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း ကုသတဲ့အခါ ရှင်တဲ့သူတွေ အများကြီးတွေ့ရတယ်”ကင်ဆာအကြောင်းကို အများသိအောင် ကလေးငယ်များဘဝကပင် ပြည်သူ့နီတိသဖွယ် အလယ်တန်းအဆင့်လောက်ကစတင်ပြီး အသိပညာပေးနိုင်ပါက ပညာတတ်မြောက်ရုံတင်မဟုတ်ဘဲ ကျန်းမာသည့် ပြည်သူများကိုပါ စာသင် ကျောင်းများမှမွေးထုတ်ပေးရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြသိန်းဟန်က အကြံပြုပါသည်။

အစာအိမ်ကင်ဆာဖြစ်နေသည့် ဒါရိုက်တာကြည်စိုးထွန်းဆိုလျှင် စောစီးစွာသိလိုက်သည့်အတွက် လက်ဦးရယူကာ ခွဲစိတ်မှု ပြုလုပ်နိုင်သဖြင့် အသက်အန္တရာယ်ကျရောက်မည့်ဘေးမှကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်နိုင်သည်။

 

 အပိုင်း(၂)သို့

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."