အမျိုးသမီး သိုင်းပညာရှင်

အမျိုးသမီး သိုင်းပညာရှင်

ဒေါ်ရူပါသိမ်း                                    ဓာတ်ပုံ- ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း

ဖော်မီကာစားပွဲနောက်တွင် အသား ဖြူဖြူအရပ်မြင့်မြင့် အသက် ၆ဝ အရွယ် အမျိုးသမီးကြီးတစ်ဦး ထိုင်နေ သည်။ ဆံပင်ကတော့ အနည်းငယ် ဖြူနေသည်။ မျက်မှန်တစ်လက်တပ် ထားပြီး ခန္ဓာကိုယ်က ခပ်ပြည့်ပြည့်။ မျက်နှာပေါ်တွင်တော့ ဇရာ၏သင်္ကေ တ အရေးအကြောင်းအနည်းငယ်ကို တွေ့ရ၏။

စာဖတ်သူအနေနှင့် အသက် ၆ဝ အရွယ် အဘွားအိုတစ်ဦး ဟုဆိုကာ သွားရောက်အကဲ မစမ်းဖို့တော့ အကြံပေးလို၏။ သင် စက္ကန့်ပိုင်းအတွင်း ကိုင်ပေါက်ခံရလျှင် ခံရ၊ သို့မဟုတ်လျှင် မြေ ပေါ် ပြားပြားဝပ်သွားပေလိမ့်မည်။ အကြောင်းကတော့ ထိုအမျိုး သမီးကြီးသည် သာမညောင်ညမဟုတ်။ မြန်မာ့သိုင်းဆရာမ တစ်ဦး ဖြစ်နေသောကြောင့်ပင်။

သူ့အမည်က ဒေါ်ရူပါသိမ်း။ သူက ယခုအသက်အရွယ်ထိသိုင်းကစားနေဆဲပင်ဖြစ်ပြီး သူတတ်မြောက်ထားသည့် သိုင်း ပညာကို ပြန်လည်သင်ပြ ဖြန့်ဖြူးနေသူတစ်ဦးဖြစ်သည်။ သူက မြန်မာနိုင်ငံမှာ လက်ချိုးရေတွက်လို့ရသည့် အနည်းငယ်သော အပြည်ပြည်ဆိုင်ရာ သိုင်းဒိုင်များထဲက တစ်ဦးလည်းဖြစ်သည်။

သူ၏ နောက်ကျောနံရံတွင် အရွယ်စုံဓားတွေကို ထောင် ထားသည်။ ဓားအစစ်တွေကြားထဲ သစ်သားဓားတွေကိုလည်း တွေ့ရသည်။ စားပွဲပေါ်တွင်တော့ စာအုပ်များ၊ စာရွက်များက ပြန့်ကျဲနေ၏။ စားပွဲအနောက်ဘက်ထောင့်တွင် လူတစ်ရပ် အမြင့် ရှိသည့် စာအုပ်စင်တစ်ခုရှိသည်။ ဒါ့အပြင် စင်နှင့် မဆံ့သည့် စာ အုပ်တွေကို ကြမ်းပြင်မှာပုံထားရာ လူတစ်ယောက်၏ ခါးလယ်ခန့် ပင် အမြင့် ရှိသည်။ ထိုစာအုပ်ပုံမျိုးက နှစ်ပုံသုံးပုံ။

သူ့ခံယူချက်ကလည်းရှင်းသည်။ အမျိုးသမီးဖြစ်နေ၍ မလုပ်နိုင်တာမရှိစေရ။ လုပ်နိုင်သမျှ၊ သင်နိုင်သမျှ ပညာကို သင် ယူသည်။ လက်ရှိ သူ့တပည့်တွေကိုလည်း ထိုစိတ်မျိုးထားဖို့ သင် ကြားပေး၏။

”ဘာမဆို ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်တော့ရှိတယ်”ဟု သူက ဆိုသည်။

Photo-Rupa Thein’s Facebook

မြန်မာ့သိုင်းကို စိတ်မဝင်စားကြ

မြန်မာနိုင်ငံတွင် ကိုယ်ခံပညာသင်တန်းပေါင်းမျိုးစုံရှိသည့် အနက် မြန်မာ့သိုင်းသင်တန်းမှာ လူစိတ်ဝင်စားမှုနည်းပါးနေသေး သည်။  များသောအားဖြင့် နိုင်ငံရပ်ခြားက ဆင်းသက်လာသော ကိုယ်ခံပညာများကို စိတ်ဝင်တစား လေ့လာသင်ယူကြသလောက် မြန်မာ့သိုင်းပညာကို စိတ်ဝင်စားမှုနည်းပါးကြသည်ဟု ဒေါ်ရူပါ သိမ်းက ဆိုသည်။

သူကတော့ မြန်မာ့သိုင်းပညာက ကိုယ်ခံပညာတစ်ရပ်တွင် သာမကဘဲ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ် သည်ဟု ဆိုသည်။ ထို့ကြောင့် ဒီအမွေအနှစ်ကို နိုင်ငံသားတို့ ထိန်း သိမ်းကြဖို့တာဝန်ရှိကြသလို သူကိုယ်တိုင်လည်း အမွေအနှစ် ထိန်းသိမ်းချင်သည့် စိတ်တစ်ခုဖြင့် ဒီအသက်အရွယ်အထိ ရူးရူး မူးမူးကစားနေရခြင်း ဖြစ်သည်ဟုဆိုသည်။

”မြန်မာလူမျိုးဖြစ်ရင် မြန်မာ့သိုင်းအကြောင်းကိုသိရမယ်။ ဘာကြောင့် သိရမလဲဆိုတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေ လို့ သိရမယ်”

ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွင် မြင်ရသည့် အကောင် အထည်ပစ္စည်းနှင့် မမြင်ရသည့်ပစ္စည်းဟူ၍ နှစ်မျိုးရှိပြီး သိုင်း ပညာရပ်မှာ မမြင်ရသည့် ယဉ်ကျေးမှုအမွေအနှစ်ပညာ (Intengible Cultral Heritage Art) ဟု ဆိုသည်။ သူက မြန်မာ့စောင်းနှင့် ဥပမာပေးသည်။ မြန်မာ့စောင်း သည် ယဉ်ကျေး မှုအမွေအနှစ်ပစ္စည်းဖြစ်သည်။ စောင်းတီးသည့် ပညာမှာ မမြင် ရသောအမွေအနှစ်ဖြစ်သည်။

တချို့အိမ်နီးချင်းနိုင်ငံများတွင်မူ ကိုယ်ပိုင်ကိုယ်ခံပညာရပ် များ မရှိသည့်အခါ သူများဆီက ကူးချတီထွင်ကာ ဆီးဂိမ်းပြိုင်ပွဲ ဝင်သည်အထိ ဆောင်ရွက်နေကြသည်။ လာအိုနိုင်ငံမှ မွေလာအို ကိုယ်ခံပညာဆိုလျှင် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ကို ကူးချ ထားသည့် ကိုယ်ခံပညာရပ်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ”သူများတွေ ဖန်တီးနေကြတဲ့အချိန်မှာ မြန်မာ က မြန်မာ့သိုင်းဆိုတာ ရှိပြီးသားပဲ။ ရှိရဲ့သားနဲ့ မထိန်းသိမ်းရင် ပျောက်သွားမယ်”ဟု သူက ဆိုသည်။

ဒေါ်ရူပါသိမ်းဟာ ကိုယ်ခံပညာပေါင်းစုံကို ကစားဖူး၊ လေ့ ကျင့်ဖူးပေမယ့် ”မြန်မာ့သိုင်းပဲ ကစားချင်တဲ့ စိတ်ပဲ ရှိတယ်”ဟု ဆိုပါ သည်။

 

သိုင်းဆရာမကြီး ဖြစ်ချင်တဲ့ အိပ်မက်

သူသည် မော်လမြိုင်မြို့ ဇာတိဖြစ်သည်။ ဖခင်ဖြစ်သူက ဝန် ထမ်းဖြစ်သည့်အတွက် နယ်ပေါင်းစုံကို သွားလာပြီး တာဝန်ထမ်း ဆောင်ရ၏။ ထို့ကြောင့် သူနှင့် မွေးချင်းမောင်နှမများကို ရန်ကုန် ရှိ အဘွားဖြစ်သူထံ ထားခဲ့၏။ သူတို့မောင်နှမတွေကို ရန်ကုန်မှာ ကျောင်းထားသည်။

ထိုစဉ်က အောင်ဆန်းကွင်းတွင် နွေကျောင်းပိတ်ရာသီဆို လျှင် ပြေးခုန်ပစ်၊ ကျွမ်းဘား၊ ရေကူးစသဖြင့် သင်တန်းများ တစ်ခုပြီး တစ်ခုရှိသည်။ သူတို့နေသည့်နေရာက အောင်ဆန်း ကွင်းနှင့် နီးသည့်အခါ သူ့မိဘတွေကလည်းကျန်းမာရေးချူချာသည့် သူ့ကို သင်တန်းပေါင်းစုံ တက်စေသည်။

သူ့အသက် ၁၂ နှစ်အရွယ် နွေရာသီကျောင်းပိတ်ရက်တွင် လုပ်အားပေးစခန်း၌ သိုင်းဆရာကြီးဦးချစ်သန်းထံတွင် တစ်ပတ် ကြာသင်တန်းတက်ခဲ့ရသည်။ ယင်းမှာ သိုင်းပညာနှင့် ပထမဦး ဆုံး ထိတွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်မှစပြီး သိုင်းပညာကို ဝါသနာပါခဲ့ရာမှ သိုင်းသမား ဖြစ်ချင်ခဲ့သည်။ ထို့ကြောင့် နွေရာသီသင်တန်းပြီးသော်လည်း ဦးချစ်သန်း၏ သင်တန်းကျောင်း ရှိရာ ရွှေဂုံတိုင်တွင် တစ်ပတ်တစ်ရက် သွားကစားခဲ့သည်။ တခြားသိုင်းသင်တန်းများ လည်း တက်ခဲ့၏။

ထိုစဉ်က သင်တန်းတစ်ခုပြီးတိုင်း ထူးချွန်သည့် သင်တန်း သားများကို ဆရာကြီးက သိုင်းစာအုပ်တွေ ဆုပေးလေ့ရှိသည်။ ထို့ကြောင့် ဆုရသည့်သိုင်းစာအုပ်တွေက သူ့မှာတစ်ပုံတစ်ပင်။ သူသည် ထိုစာအုပ်များကို အလွတ်ကျက်သည်အထိ သိုင်း ပညာကို စိတ်ဝင်စားခဲ့သည်။

”သိုင်းသင်တန်းကို စတက်ဖြစ်တော့ သိုင်းပဲကစားချင် တော့တာ။ မိဘတွေကလည်း သိုင်းကို အားပေးတယ်။ အန်တီတို့ အဘွားကလည်း အိပ်ရာဝင်ပုံပြင်တွေမှာ သိုင်းနဲ့ပတ်သက်ပြီး အများကြီးပြောပြဖူးတာတွေရှိတယ်။ အန်တီ့စိတ်ထဲမှာလည်း စိတ်ကူးယဉ်တာပေါ့ ”ဟု သူက ဆိုသည်။

သူ့စိတ်ထဲမှတ်မှတ်ရရရှိနေသည့် ဇာတ်လမ်းတစ်ခုက မင်း တုန်းမင်းလက်ထက် မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းမှ မိနက် ကြီးနှင့် မယ်ဘယက်ဟူသည့် သိုင်းပညာ တော်သည့် အမျိုးသမီးနှစ်ဦးအကြောင်းဖြစ်သည်။ ထိုအမျိုးသမီးနှစ်ဦးအနက် မိနက် ကြီးဆိုသည်မှာ ဘုရင်ကိုပုန်ကန်သူဖြစ်ပြီး သူ့ကို တော်ရုံလူ ယှဉ်မရသည့်အခါ မယ် ဘယက်ဆိုသည့် သိုင်းပညာရှင်ကို စေလွှတ်မှ အနိုင်ရခဲ့ကြောင်း၊ မယ်ဘယက်နှင့် မိနက် ကြီး၏ ဓားရေးမှာ ရတနာပုံခေတ်က နာမည် ကျော်ကြားလှသည့် စုဖုရားလတ်၏ နန်းသူ့ ဆံမြိတ်ဓားခေါ် လက်သုံးတော်ဓားရေးပညာ ပင် ဖြစ်ကြောင်း သူ့အဘွားပြောပြခဲ့သည့် ဇာတ်လမ်းကို ပြန်ပြောပြသည်။

ထိုအကြောင်းကြားရပြီး သူ့စိတ်ကူး ထဲတွင်လည်း အမျိုးသမီးသိုင်းပညာရှင်ကြီး ဖြစ်ချင်လာခဲ့သည်။ ယနေ့တွင်လည်း သူ့ စိတ်ကူးထဲကအတိုင်း ဖြစ်လာခဲ့ချေပြီ။ မောင် နှမငါးယောက်အနက် သူကအကြီးဆုံးဖြစ်ပြီး သိုင်းသမားတစ်ဦးအဖြစ် ရှိနေခြင်းကလည်း သူတစ်ယောက်သာ။

သိုင်းနှင့် အခိုက်အတန့် လမ်းခွဲ

အသက် ၂၁ နှစ်တွင် အကောက်ခွန် ဦးစီးဌာနတွင် အလုပ်ရခဲ့သည်။ အလုပ်ရ သော်လည်း သိုင်းသင်တန်းကို မပျက် ကွက်ခဲ့။ မနက်ပိုင်း သိုင်းသင်တန်းသို့ သွား၏။ ထိုစဉ်က သိုင်းသင် တန်းက ယခုကုန်သည် ကြီးများဟိုတယ်နေရာတွင် ဖြစ်သည်။  ထိုအချိန် သူက နည်းပြဖြစ်နေပြီ။ သိုင်း ဆရာကြီးဦးချစ်သန်းဆီမှာ ဖြစ်သည်။ ဆရာ ပြခိုင်းသည့်အတန်း တွင် ဝင်ရောက်ပြသသည်။

ရုံးဆင်းလျှင်လည်း အိမ်သို့ မပြန်သေး။ သိုင်းသင်တန်းကို ဝင်သည်။ ညနေပိုင်းမှာတော့ သင်တန်းပြီးဆုံးသည့်အခါ သူ့လို သင်တန်းနည်းပြများကို ဆရာကြီးက သိုင်းပညာသင်ပေးသည့် အတန်းကို ထပ်တက်ရသည်။ ဒါက နေ့စဉ် သူ၏ အချိန်ဇယားဖြစ် သည်။ အသက် ၂၈ နှစ်တွင်တော့ အိမ်ထောင်ကျသည်။ အမျိုး သားကလည်း ကရာတေးကစားသူတစ်ဦး ဖြစ်သည်။

အိမ်ထောင်ကျပြီး သူ အရူးအမူးစွဲလမ်းခဲ့သည့် သိုင်းပညာ ကို နှစ်အတော်ကြာ မကစားဖြစ်။ ထိုခေတ်ကလည်း အမျိုးသမီး တစ်ဦးအဖို့ သိုင်းကစားရသည်မှာလည်း မလွယ်ကူလှပါ။ အိမ် ထောင်ဦးစီးက ဘာမှမပြောသည့်တိုင် သိုင်းတော့ မကစားစေ ချင်သည့် သဘောရှိသည်ဟု ဆိုသည်။

သူလည်း ရင်သွေးနှစ်ဦးထွန်းကားခဲ့ပြီး အိမ်အလုပ်၊ ကလေးအလုပ်တွေက တစ်ဖက်နှင့်မို့ သိုင်းကစားခြင်းကို ရပ် တန့်ခဲ့သည်။ သို့ပေမဲ့ ဝါသနာက ဖျောက်မရ။ သိုင်းသင်တန်းဆင်း ပွဲတိုင်းကို ကလေးတစ်ဖက်နှင့်သွားခဲ့သည်။ ထိုအခါ သူများတွေ ကစားနေကြသည်ကို မြင်ရင် သူလည်း မနေနိုင်။

”သမီးအကြီးသုံးနှစ်တုန်းက သင်တန်းဆင်းပွဲသွားတော့ ဟိုရောက်တော့ မနေနိုင်ဘူး။ ကလေးချပြီး ဝင်ကစားတော့တာ ပဲ”ဟု ဆိုသည်။

အိမ်ထောင်သည်ဘဝတွင်တော့ ယခင်လိုအချိန်ပြည့် မကစားနိုင်တော့။ အလုပ်လည်း ထွက်လိုက်ရပြီ။ ဒါပေမဲ့ အိမ် အလုပ် လုပ်နေရင်း၊ ကလေးထိန်းနေရင်း အားသည့်အချိန်လေး တွင် သိုင်းကစားခဲ့သည်ဟု သူက ရယ်လျက်ဆိုသည်။ အိမ်ထောင် သက် ၁၄ နှစ် အကြာမှာတော့ လူမှုရေးကိစ္စတစ်ခုကြောင့် အမျိုး သားနှင့် ကွာရှင်းခဲ့သည်။

အဲဒီအချိန်ကတော့ သူ့ဘဝမှာ စိတ်ညစ်ခဲ့၊ စိတ်ဆင်းရဲခဲ့ရ သော အချိန်တွေ ဖြစ်ခဲ့သည်။ အမျိုးသားက ကွာရှင်းပြီး ထောက် ပံ့ကြေး ပေးခဲ့ပေမယ့် မာနတရားက လက်မခံ။ ကိုယ့်ဘာသာ ကိုယ် ကြိုးစားရပ်တည်ခဲ့၏။ ဧည့်လမ်းညွှန်လုပ်ဖူးသည်။ မဂ္ဂဇင်း တွေမှာ သိုင်းပညာဆိုင်ရာ၊ အလှအပရေးရာဆိုင်ရာ ဆောင်းပါး တွေ ရေးသည်။ တစ်ဖက်တွင် သိုင်းသင်တန်း နည်းပြအဖြစ်လည်း လုပ်ခဲ့သည်။

တခြားလုပ်ငန်းတွေမှ ဝင်ငွေရရှိသော်လည်း သူက သိုင်း ပညာသင်ကြားတာအတွက်  ပိုက်ဆံမယူဟုဆိုသည်။ သင်တန်း သားများမှ လကုန်လျှင် မုန့်လေးပဲလေးနှင့် ကန်တော့ကြတာ တော့ ရှိသည်။ သူ့ရည်ရွယ်ချက်ကတော့ မြန်မာ့သိုင်းပညာ ပြန့် ပွားစေဖို့ပဲ ဖြစ်သည်။

 Photo – Thet Oo Mon                        ဒေါ်ရူပါသိမ်း

မြန်မာ့သိုင်းဟူသည်

မြန်မာ့သိုင်းဆိုသည်မှာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ခံပညာရပ် ခုခံ ကာကွယ်သော အတတ်ပညာဟု ဒေါ်ရူပါသိမ်းက ဆိုသည်။ အရှေ့တိုင်းသိုင်းပညာရှင်တချို့က မြန်မာနိုင်ငံသို့ အေဒီရှစ်ရာစု လောက်မှာ သိုင်းပညာ စတင်ရောက်ရှိ ပေါ်ထွန်းခဲ့သည်ဟု ဆိုပြီး သမိုင်းဆရာတို့ကတော့ အေဒီခြောက်ရာစုဟု ယူဆကြသော် လည်း တိတိကျကျတော့မသိနိုင်ဟု သူက ဆိုသည်။ မြန်မာ့ သိုင်းပညာ ရေသောက်မြစ်သုံးသွယ် ရှိသည်။ ကမ္ဘောဇသိုင်း၊ အင်းဝသိုင်း၊ ရာမညသိုင်းတို့ဖြစ်သည်။

ရှေးမြန်မာမင်းများလက်ထက်တုန်းကဆိုလျှင် မြန်မာစစ် သည်တော်များသည် မြန်မာ့သိုင်းပညာကို သင်ယူကြပြီး နိုင်ငံ တော်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။

ခေတ်အဆက်ဆက်သိုင်းပညာရှင်တို့၏ တီထွင်ကြိုးစား အားထုတ်လာခဲ့ရာ သိုင်းအမျိုးအစားများလည်း ပြန့်ပွားလာခဲ့ သည်။ ရှေးခေတ်ကဆိုလျှင်တော့ မြန်မာ့သိုင်းတွင် ဆင်မြင်းစီး ခြင်းထိုး၊ ဓား၊ တုတ်၊ လှံ၊ ကြိုးစသဖြင့် မျိုးစုံသင်ယူရပြီး အချိန် ငါးနှစ်ခန့် ကြာမြင့်သည်။

ယနေ့ခေတ်တွင်တော့ မြန်မာ့သိုင်းတွင် ဗန်တို၊ ဗန်ရှည်ဟု နှစ်မျိုးခွဲထား၏။ ဗန်တိုမှာ လက်နက်မဲ့တိုက်ခိုက်သည့် ပညာရပ် ဖြစ်ပြီး ဗန်ရှည်ကလက်နက်နှင့် တိုက်ခိုက်ရသောပညာဖြစ်သည်။ သိုင်းဆိုသည့် အဓိပ္ပာယ်မှာကျရောက်လာသည့် အ္တနရာယ်ကို သိုင်းဝိုင်းကာ ဖယ်ရှားရတဲ့သဘောဖြစ်ပြီး သူတစ်ပါးကို ရန်ပြု တိုက်ခိုက်ရန် မဟုတ်ဟု ဆရာမကြီးက ဆိုသည်။

လမ်းပေါ်က ရန်ပွဲ

ကိုယ်တိုင်က ရန်ဖြစ်ချင်သည့် စိတ်မရှိသော်လည်း ရန်ပွဲ တစ်ပွဲကို ကြုံရသေးသည်။ ထိုနေ့က သိုင်းသင်တန်းမှ သူနှင့် သူ ငယ်ချင်းတစ်ဦး၊ သူ့ကိုသင်ပေးသည့် သိုင်းဆရာမ စုစုပေါင်းသုံး ဦးတို့ ပြန်လာကြရာ ဆူးလေနားအရောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကြည့်လိုက်တော့ လူငယ်များ အုပ်စုလိုက် ရန်ဖြစ်နေကြ သည်ကို တွေ့ရသည်။ ခဲတွေနှင့်ပေါက်၊ တုတ်တွေနှင့် ရိုက်နေကြ သည်။ သူ့တို့ဆီရောက်လာတော့ ကိုယ့်ဘာသာကိုယ် ကာကွယ် သည့်အနေနှင့် တိုက်ခိုက်ရတော့သည်။ ထိခိုက်ဒဏ်ရာတော့ မရ။

”သူတို့က လူကို မိန်းကလေး၊ ယောက်ျားလေးရယ် မဟုတ်ဘူး။ လိုက်ပြီးတော့ ရိုက်တာ။ အဲဒီတုန်းက ဆရာမလက်ထဲ မှာ ထီးကလည်းပါတော့ ထီးနဲ့ ချတာပေါ့”ဟု သူက ပြန်ပြောပြသည်။

ထိုသို့ ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေများကို ရင်ဆိုင်နိုင်ခြင်းကလည်း သိုင်းဆရာကြီး ဦးချစ်သန်းသင်တန်းမှ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်သည်။ သင်တန်းတွင် သိုင်း လေ့ကျင့်ရသည့်အခါ ဆရာက အပြင်တွင် တကယ်ဖြစ်သလို လေ့ ကျင့်ပေးထားသည်။

”တစ်နေရာကို လွှတ်လိုက်ပြီးတော့ ဘယ်အချိန် ဘယ် အပေါက်ကနေ လာမယ်ဆိုတာ မပြောဘဲနဲ့ ဓားနဲ့လည်း ဝင်ခုတ် တယ်။ ဝင်ပြီးတော့လည်း ရိုက်တာတို့၊ ရုပ်ရှင်ထဲကလိုမျိုးပေါ့။ အဲဒီလိုမျိုးလုပ်တာလည်း ရှိတယ်”ဟု သူတို့လေ့ကျင့်ခဲ့ရပုံကို ပြန်ပြောပြသည်။

သိုင်းသမားတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူလှ။ အမြဲတမ်းလေ့ကျင့်နေရသည်။ ကမ္ဘာတွင် ကိုယ်ခံပညာများစွာ ရှိရာ မည်သည့်ပညာရပ်ကို အကောင်းဆုံးလဲဟု မေးကြည့်သည်။ သူက များများလေ့ကျင့်နိုင်တဲ့သူသာ အကောင်းဆုံးဟုဆိုသည်။ ပညာရပ်တိုင်းကတော့ သူ့နည်းသူ့ဟန်နှင့် ကောင်းမွန်ကြပြီး  ”ဘယ်ဟာကမှ အကောင်းဆုံးရယ်လို့ မရှိဘူး။ လူပေါ်မူတည် တာပေါ့”ဟု သူက ဆိုသည်။

”မြန်မာ့သိုင်းကို ဂုဏ်ရှိချင်ရင်လည်း သိုင်းသမားကတော် နေမှ ဂုဏ်ရှိမှာ။ သိုင်းသမားက ညံ့နေရင် ဒါက ကောင်းတယ်လို့ ဘယ်လိုပြောလို့ရမလဲ”

Photo-Rupa Thein’s Facebook

မြန်မာ့သိုင်းကစားသူ ရှားပါး

လက်ရှိတွင်တော့ မြန်မာ့သိုင်းကစားသူ ရှားပါးလာနေပြီ ဟု သူက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဆီးဂိမ်းပြိုင်ပွဲများ တွင် ရွှေတံဆိပ်ရရန် ဦးတည်နေကြသဖြင့် ပြိုင်ပွဲဝင် တခြားသိုင်း ကစားနည်းများကိုသာ လေ့ကျင့်ကစားနေကြပြီး သိုင်းပညာရပ် များ ရောထွေးမှုရှိလာနေသည်ဟု သူက ဆိုသည်။

သူနောက်ဆုံးကြည့်ခဲ့သည့် နေပြည်တော်မှာ ကျင်းပပြု လုပ်သော သိုင်းပြိုင်ပွဲစွမ်းရည်ပြပွဲတွင် ဓားခုတ်နည်းတွေကို ကြည့်ရာ ဓားကိုင်ပုံ၊ ခုတ်ပုံတွေမှာ မြန်မာ့နည်းမဟုတ်တော့ဘဲ ဗီယက်နမ်နိုင်ငံမှ ဗိုဗီနမ်ကိုယ်ခံပညာရပ်နည်း ဖြစ်နေသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။

”မြန်မာ့သိုင်းစစ်စစ်ကို ကစားတာဆရာမတို့ အသက် အရွယ်ပိုင်းတွေပဲရှိမှာပေါ့။ ဆရာမတို့အရွယ်ပိုင်းတွေကျတော့ ဒါကိုပဲ ကြိုက်တယ်။ ဒါကိုပဲ အရောမခံနိုင်ဘူး”ဟု သူက ဆို သည်။

မြန်မာ့သိုင်းဖွံ့ဖြိုးတိုးတက်ဖို့ကတော့ သိုင်းပညာကို လူ တွေ စိတ်ဝင်စားလာအောင်လုပ်ရမည်ဟု ဆိုသည်။ သဘာဝကျ သော သရုပ်ပြပွဲများဖြင့် ဆွဲဆောင်ကစားပြနိုင်ရမည်၊ ဆီးဂိမ်းလို အားကစားပြိုင်ပွဲများတွင်လည်း မြန်မာ့သိုင်းကို အားကစားနည်း တစ်ရပ်အဖြစ် ပါဝင်နိုင်အောင်ကြိုးစားရမည်ဟု သူကဆိုသည်။

ထို့အပြင် နိုင်ငံတော်အဆင့် ပံ့ပိုးထောက်ပံ့မှုများလည်း လိုအပ်နေပြီး လက်ရှိအချိန်တွင်တော့ အရင်ကထက်စာရင် တိုး တက်မှုရှိလာသည်ဟုဆိုသည်။ သူကတော့ တတ်နိုင်သည့်ဘက်မှ သိုင်းပညာကို ပြန့်ပွားဖို့ဆောင်ရွက်နေသည်။ ဆရာ့ထံ ကတိခံခဲ့ တာလည်း ပါ၏။

”ကိုယ်က ဒီပညာပြန့်ပွားရေးအတွက် အတတ်နိုင်ဆုံးလုပ် မယ်ဆိုတဲ့ ဆရာမတို့ရဲ့ ဝန်ခံကတိရှိတယ်။ အဲဒီဝန်ခံကတိ အတိုင်း ဆရာမကရောက်လေရာမှာ သိုင်းကို သင်ပေးတယ်”ဟု သူက ဆိုသည်။

ဆရာကြီးဦးချစ်သန်းကတော့ ဆုံးပါးသွားခဲ့လေပြီ။ ဒေါ်ရူပါသိမ်းကတော့ လက်ရှိ  အသက် ၆ဝ ကျော်အထိ သိုင်း ကစားခြင်းကို မစွန့်လွှတ်သေး။ သူငယ်ချင်းတွေ၊ သားသမီးနှင့် အမျိုးတွေကတော့ အသက်ကြီးလာသဖြင့် သိုင်းမကစားဖို့ တား ကြသေး၏။ သူကတော့ သိုင်းကစားဆဲ။ သိုင်းနည်းပြ၊ ဒိုင်ချုပ်၊  သိုင်းစာအုပ်များ ရေးသားနေဆဲဖြစ်သည်။

ကျွန်တော်နှင့် တွေ့ဆုံမေးမြန်းနေသည့်အချိန်တွင်လည်း သူက ဓားနှစ်လက်နှင့် ကစားနည်းမူ စာအုပ်တစ်အုပ်ကို ရေးသား ပြုစုနေ၏။ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနှင့် ရေးဖို့ဖြစ်သည်။

”သိုင်းကို စိတ်ဝင်စားဖို့ ရေးနေတာ။ အားလုံးအတွက်မူ ပေါ့။ ဘယ်သူမဆို ကစားလို့ရအောင် ကျန်ရစ်နေစေချင်တယ်”ဟု သူက ဆိုပါသည်။    ။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."