ရန်ကုန် – ၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း)
အခုရက်ပိုင်း အပူချိန်လွန်ကဲလွန်းတာကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးတဲ့ တောင်သူတွေ စိုက်ပျိုးရာမှာ အခက်အခဲတွေတွေ့နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပြင်းထန်တဲ့ အပူဒဏ်ကြောင့် စိုက်ခင်းအတွက် ရေမလုံလောက်တာ၊ အပင်တွေ ခြောက်သွေ့ပြီး သီးနှံအရည်အသွေး ကျဆင်းတာတွေ ကြုံနေရတယ်လို့ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတချို့က မော်ကွန်းကိုပြောပါတယ်။
မကွေးတိုင်း မကွေးမြို့နယ်က ပဲအမျိုးမျိုးနဲ့ နှမ်းစိုက်ပျိုးတဲ့ တောင်သူတစ်ဦးကတော့ ဒီရက်ပိုင်းအပူချိန်ကြောင့် သူစိုက်ပျိုးထားတဲ့ ခုနစ်ဧကခန့်ရှိတဲပဲစိုက်ခင်းတစ်ဝက်နီးပါးခန့်ဟာ ခြောက်သွေ့ပျက်စီးသွားတယ်လို့ ပြောပါတယ်။
“အပူချိန်က ပြင်းလွန်းတော့ ရေမနိုင်ဘူး၊ မြေက အစိုဓာတ်မရတော့ တချို့အခင်းတွေ ပျက်စီးကုန်တာတွေရှိတယ်။ မြေကြီးကခြောက်သွေ့ပူပြင်းလွန်းတော့ မခံနိုင်ဘူး။ ကျွန်တော့်စိုက်ခင်းအပြင် အသိမိတ်ဆွေတွေထဲက တချို့အခင်းတွေလည်း အပင်တွေ သေကုန်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က မတ်ပဲ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတစ်ဦးကလည်း အပူချိန်ကြောင့် စိုက်ခင်းတွေအတွက် စိုက်ပျိုးစရိတ် ပုံမှန်ထက် ကျပ်တစ်သိန်းနီးပါးပိုကုန်ကျသွားတယ်လို့ ပြောပါတယ်။
“ရေမလုံလောက်တော့ စိုက်ခင်းထဲ ရေများများသွင်းဖို့ဆိုရင် ပိုပြီးတော့ စက်သုံးဆီဖိုးတွေလည်း ကုန်ကျတယ်၊ ပြီးတော့ အပင်ကလည်းခြောက်သွေ့ပြီး သီးနှံအရည်အသွေးလည်း ကျဆင်းတာတွေရှိတယ်” လို့ ၎င်း မတ်ပဲစိုက်တောင်သူက ပြောပါတယ်။
ယခင်က တစ်ဧကစိုက်ပျိုးစရိတ် ကျပ် ၁၀ သိန်းကနေ အခုအခါမှာ ကျပ် ၁၂ သိန်းလောက်ကုန်ကျသွားတယ်လို့ ဆိုပါတယ်။
“အခုက ပဲရိတ်သိမ်းရာသီလေ၊ အခုထွက်လာတဲ့ အပင်တွေကြည့်လိုက်ရင် အကုန်ခြောက်သွေ့ပြီး ညှိုးသွားတယ်။ သီးနှံအရည်အသွေးကျဆင်းတယ်လို့ ပြောလို့ရတယ်။ ဒီလောက်အပူချိန်နဲ့ ဆက်သွားရင် စိုက်လို့ရမှာမဟုတ်ဘူး” လို့ ၎င်း တောင်သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း အပူချိန်တွေ ဆက်တိုက်မြင့်တက်နေပြီး နိုင်ငံရဲ့ အလယ်ပိုင်းက ချောက်မြို့ဟာ ကမ္ဘာ့အပူချိန်အမြင့်ဆုံး နံပါတ် (၁) နေရာကို အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်နဲ့ ရောက်ရှိနေတာပါ။
ဒါ့အပြင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့ (၁၅) မြို့ ထဲမှာ မြန်မာနိုင်ငံထဲက မကွေး၊ မင်းဘူး၊ ချောက်၊ ညောင်ဦး အစရှိတဲ့ မြို့နယ်လေးမြို့နယ်ထိ ပါဝင်နေတယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာရေး အယ်ဒိုရာဒိုရာသီဥတု အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်ရှိ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲ ပါဝင်နေတဲ့ ချောက်၊ ညောင်ဦး အစရှိတဲ့မြို့နယ်တွေမှာ သောက်သုံးရေပြတ်လပ်တာတွေ၊ အပူချိန်ကြောင့် လူသေဆုံးတာတွေအထိ ဖြစ်နေတာပါ။
အပူချိန်ဟာ လာမယ့်မေလကုန်ပိုင်းလောက်အထိ ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ပုံစာ – ပဲခူးမြို့က ပဲစိုက်ခင်းတစ်ခုကို ယခုလဆန်းပိုင်းက မြင်ရစဉ်
ဓာတ်ပုံ – မတ်ပဲစိုက်တောင်သူများ Group

