ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၀ (မော်ကွန်း)
အိန္ဒိယနိုင်ငံက မတ်ပဲအဝယ်လိုက်လာပြီး ဈေးနှုန်း စံချိန်တင်မြင့်တက်နေတာကြောင့် တောင်သူတွေ ဈေးကောင်းရနေတယ်လို့ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီမှာ မတ်ပဲတစ်တင်း (ပိဿာ ၂၀) ကို ကျပ်ခြောက်သောင်းဝန်းကျင်ရှိရာက လက်ရှိမှာ တစ်တင်းကို ကျပ်ကိုးသောင်း ဝန်းကျင်ထိ ဈေးမြင့်တက်နေတယ်လို့ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်က ပဲမျိုးစုံ ကုန်သည်တစ်ဦးကတော့ “တန်ချိန်နဲ့ တွက်မယ်ဆို မနှစ်က မတ်ပဲ တစ်တန်ကို ၁၇ သိန်း ဝန်းကျင်ပေါက်တယ်။ အခုပေါက်ဈေးက တစ်တန်ကို ၂၇ သိန်းကျော်ထိ ရောက်နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ်ပဲကို အိန္ဒိယအမှာတွေ မြင့်တက်နေသလို ပြည်တွင်းမှာလည်း လက်ကျန်နည်းလာတဲ့အတွက် အခုလိုစံချိန်တင်ဈေးနှုန်းမြင့်တက်နေတာလို့ ၎င်းကပြောပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ မြန်မာနိုင်ငံက ထွက်ရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ အစရှိတဲ့ ပဲမျိုးစုံကို လွတ်လပ်စွာတင်ပို့ခွင့်ရထားတာဖြစ်လို့ အိန္ဒိယဘက်က ကုန်အမှာတွေလည်း မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“မနှစ်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရတော့ မတ်ပဲ၊ ပဲစင်းငုံကို နှစ်စဉ် တန်ချိန်သုံးသိန်းခွဲလောက် တင်ပို့ဖို့ရှိတယ်။ မူဝါဒမပြောင်းဘူး အဲ့ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဈေးက ဆက်ကောင်းနေဖို့ရှိတယ်” လို့ အဆိုပါ ကုန်သည်က ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းမှာ မတ်ပဲမျိုးအသစ်တွေ စိုက်ပျိုးမှုတွေလည်းရှိနေပြီး အိန္ဒိယဈေးကွက်ကို ပြည့်မီအောင် စိုက်ပျိုးနေကြတယ်လို့ မတ်ပဲစိုက်တဲ့ တောင်သူတစ်ဦးက ပြောပါတယ်။
“တောင်သူတွေက ဟိုမျိုးကောင်းတယ်၊ ဒီမျိုးကောင်းတယ်ဆိုပြီး လျှောက်မစိုက်ကြဖို့လိုတယ်။ အလုံးသေးရင် ဈေးကောင်းမရဘူး။ အဓိကတော့ သူတို့ဘက်က ကြိုက်တဲ့ မျိုးတွေကို စိုက်ရတာပေါ့။ အဲ့ဒါမှ အခုပေါက်ဈေးရမှာ” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီ အိန္ဒိယအစိုးရတို့အကြား ၂၀၁၂-၂၂ ဘဏ္ဍာရေးနှစ်ကစပြီး နှစ်စဉ် မတ်ပဲတန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းကို ပုဂ္ဂလိက ကုန်သွယ်မှုကနေ တင်ပို့နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ မတ်ပဲစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပြီး နှစ်စဉ် တန်ချိန် ခြောက်သိန်းခန့် စိုက်ပျိုးထုတ်လုပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။
ပုံစာ – ရန်ကုန်တိုင်း သုံးခွမြို့နယ်က မတ်ပဲစိုက်ခင်းကို တွေ့ရစဉ်
ဓာတ်ပုံ – WWZ

