ရန်ကုန် – ဧပြီ ၁၁ (မော်ကွန်း)
မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာ အင်အားပြင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ ၎င်းငလျင်ဒဏ်ကို သိရှိလိုက်သူတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၁၁ နာရီခွဲခန့်မှာ မန္တလေးတိုင်း မလှိုင်မြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက် သုံးမိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၉ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
၎င်းငလျင်မတိုင်မီ မနက် ၈ နာရီခွဲခန့်မှာလည်း ဝမ်းတွင်းမြို့ရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက် ကိုးမိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၀ ရစ်ချ်တာစကေးရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။
ဒီမနက်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကို မန္တလေးတိုင်းက မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာနဲ့ မြစ်သားမြို့တွေမှာ သိသိသာသာ ခံစားလိုက်ရတယ်လို့ ဒီမြို့တွေမှာ နေထိုင်သူတွေက ပြောပါတယ်။
ဒီလို ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်မှုကို အရှိန်ပြင်းပြင်း ခံစားလိုက်ရတာကြောင့် ဒေသခံအများအပြားဟာ စိုးရိမ်ထိတ်လန့်နေကြပြီး နေအိမ်အပြင်တွေမှာနေကြရတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
“အရှိန်ပြင်းပြင်းနဲ့ ဆက်တိုက်လှုပ်သွားတာ၊ လူတွေ အိမ်ပေါ်မှာကို မနေရဲကြတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးတွေမပြီးဆုံးသေးတဲ့ မန္တလေးမြို့မှာလည်း အလားတူပဲ မနေ့ညပိုင်းက အင်အား ၃ ဒသမ ၈ ရစ်ချ်တာစကေးရှိတဲ့ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။
“မန္တလေးမှာ သုံးရက်ဆက်တိုက်ရှိပြီ၊ ညပိုင်း ၁၀ နာရီလောက်လှုပ်သွားတာ။ သိသိသာသာကိုလှုပ်တာ” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ အင်အားပြင်းစစ်ကိုင်းမြေငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သီတင်းနှစ်ပတ်နီးပါးကြာတဲ့အထိ နောက်ဆက်တွဲ မြေငလျင် အကြိမ်ရေပေါင်း ၁၁၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလရဲ့ မြေငလျင်အမှတ်စဉ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောမှာဖြစ်ပေါ်ခဲ့တဲ့ ပြတ်ရွေ့ခြင်း (သို့မဟုတ်) ပွတ်အားသက်ရောက်ခြင်း နိယာမအရ အချိန်တစ်ခုကြာတဲ့အထိ မြေငလျင်ငယ်များစွာ ဆက်လက်လှုပ်ခတ်နိုင်သေးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
စစ်ကိုင်းမြေငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပျက်အစီးများခဲ့ပြီး တစ်နိုင်ငံလုံးမှာ သေဆုံးသူပေါင်း ၃,၆၀၀ ကျော်ရှိခဲ့တာပါ။
ပုံစာ- ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေးမြို့က အဆောက်အအုံတစ်လုံး။
ဓါတ်ပုံ- မော်ကွန်း

