ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူအဖြစ် နာမည်ကျော်တဲ့ သရုပ်ဆောင် ယဉ်လက်ရဲ့ နေအိမ်ဟာ ဒီကနေ့ နံနက် ၈:၀၀ နာရီဝန်းကျင်က ဗုံးနဲ့ အပစ်ခံလိုက်ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲက သရုပ်ဆောင် ယဉ်လက်နေအိမ်မှာ အပစ်ခံရတာဖြစ်ပြီး လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။
“အုံးခနဲပဲ ရေစည်တော့ထိသွားတယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သရုပ်ဆောင်ယဉ်လက်ဟာ နယ်ဒေသတွေမှာ အများဆုံး ကြည့်ရှုကြတဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အက်ရှင်သရုပ်ဆောင်ရာကနေ နာမည်ကြီးလာသူဖြစ်ပါတယ်။
နိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ပြည်သူတွေပြုလုပ်တဲ့ လူမှုရေးပြစ်ဒဏ် (Social Punishment) စာရင်းတွေမှာ ယဉ်လက်ဟာ ထည့်သွင်း မှတ်သားခံရသူဖြစ်ပါတယ်။
မကြာသေးမီကလည်း အာဏာသိမ်းစစ်တပ်သိမ်းယူထားတဲ့ ပြည်သူပိုင်မီဒီယာတွေက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်း အစီအစဉ်တွေမှာ သရုပ်ဆောင်ယဉ်လက်၊ ရဲအောင်၊ မိုးယံဇွန်၊ မယ်လိုဒီ၊ ဟန်သီတို့လို နာမည်ကြီးသူတွေ ပါဝင်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ဒီအစီအစဉ်တွေမှာ မပါဝင်တဲ့ တေးသံရှင်တချို့ကလည်း သီချင်းတွေမှာ သူတို့သီဆိုသံကို ယူသုံးကာ ပါဝင်သူတွေဟာ ပါးစပ်လှုပ်ရုံ အသုံးချခဲ့ကြောင်း ပြန်လည် ရှင်းချက်ထုတ်ခဲ့ပါသေးတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်ချိရေးမီဒီယာမှ ဖျော်ဖြေရေးအသွင်အစီအစဉ်တစ်ခုတွင် သရုပ်ဆောင် ယဉ်လက်အား တွေ့ရစဉ်။
#Dailynews

