ဝက်လက် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်အစောပိုင်းမှာ မီးရှို့ခဲ့ပြီးနောက် အမျိုးသားတစ်ဦးလည်း မီးလောင်သေဆုံးနေတာကိုတွေ့ခဲ့တယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။
“သေဆုံးသူရဲ့အလောင်းကို ကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရေးဝင်ချိန်မှာ မီးလောင်သေဆုံးနေတာကိုတွေ့ခဲ့ရတာပါ”လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။
သေဆုံးသူအမျိုးသားဟာ အသက် ၆၀ အရွယ်၊ လေဖြတ်နေသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တွေ့ရှိချိန်မှာ နေအိမ်ထဲမှာ မီးလောင်သေဆုံးနေတာမဟုတ်ဘဲ လမ်းပေါ်မှာ မီးလောင်ဒဏ်ရာတွေနဲ့လဲကျသေဆုံးနေတာပါ။
သုံးဆင့်ကန်ရွာဟာ နေအိမ် ၁၀၀ ကျော်ရှိပြီး စစ်တပ်မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ကာ ပျက်စီးတဲ့နေအိမ်အတိအကျစာရင်းကိုတော့မသိရသေးဘူးလို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အင်အား ၇၀ ဝန်းကျင်နဲ့ ဝက်လက်မြို့နယ်၊ သာလိုင်းရွာကိုမနေ့က ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ခြေထောက်မသန်သူ အသက်၆၀ ဝန်းကျင်အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
သုံးဆင့်ကန်ရွာကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ပေါက်ကန်ဘူတာ၊ ပေါက်ကန်ရွာမတို့ကို ပစ်ခတ်ဝင်ရောက်ပြီး ပေါက်ကန်ရွာကနေအိမ်အချို့ကို ဒီနေ့ ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ – မီးရှို့ခံရတဲ့ သုံးဆင့်ကန်ရွာနဲ့ မီးလောင်သေဆုံးနေသူ
ဓါတ်ပုံ – Supplied
#Dailynews

