စစ်ကိုင်းတိုင်း – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးနယ်အစပ် ကျေးရွာတွေ စစ်ဘေးရှောင် ၈၀၀ ကျော်ဟာ ဒီလအတွင်းမိုးများပြီး အမိုးအကာမလုံတဲ့အတွက် စစ်ရှောင် ၁၀၀ ဝန်းကျင်ဖျားနေကာ ကျန်းမာရေးအကူညီတွေလိုအပ်နေတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါဒေသရှိ ကြက်တူရွေးကျွေးရွာ၊ဟင်္သာမရွာ၊မြစ်ကမ်းကြီးရွာ၊ သဲအင်းရွာ၊ ကျွန်းကြီးရွာ၊ ကျွန်းတော်ရွာ၊ဇီးကုန်းရွာ၊ ချောက်တာရွာ၊အင်ဒေါင်းရွာ၊မင်းရွာတောင်၊ရွာသာ၊ကမ်းဖြူ၊မှော်ဦး ၊ရေလယ်မှော်ကျေးရွာက စစ်ရှောင် ပြည်သူ ၈၀၀ ကျော်ဟာ နေရပ်မပြန်ရတာ ငါးလ ဝန်းကျင်ကြာမြင့်လာပါပြီ။
“စစ်ရှောင်နေတာက ငါးလ လောက်ရှိပြီ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်တယ်၊ လိုအပ်ချက်တွေတော့အများကြီးပဲ၊ အလှူရှင်တွေ ကူကြပေမယ့်အလှူရှင်နည်းတော့ လိုအပ်ချက်များတယ်၊ မိုးရွာလည်း အမိုးမလုံတလုံဆိုတော့ ဖျားကြတယ်၊ တခါဖျားရင် ငါးဆယ်နဲ့တစ်ရာကြား ဖျားကြတယ်၊ ဆေးဝါးအကူညီတွေလည်းလိုအပ်တယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
အကိုက်အခဲပျောက်ဆေးလို ဆေးဝါးတွေအပြင် အားဆေးတွေလည်းလိုအပ်တယ်လို့ သူကဆိုပါတယ်။
အခုနှစ်မှာ အဆိုပါဒေသအတွင်း မိုးရွာသွန်းမှုများပြီး အပူအအေးမမျှတတဲ့ ရာသီဥတုအပြောင်းအလဲကြောင့် မကြာခဏ ဖျားနေကြတယ်လို့လည်း ပြောပါတယ်။
“မိုးက များတယ်၊ ရွာလိုက်တိတ်လိုက်၊ပူလိုက်အေးလိုက်ပဲ၊အသက်ကြီးသူတွေကော၊ကလေးတွေကော၊ဗိုက်ကြီးသည်တွေကောပါတယ်၊ ဖျားကြတော့လည်း စားဝတ်နေရေးတောင်အနိုင်နိုင်ပဲ၊ရှူးရှဲ(ရှူးရှဲလက်ဖက်ထုပ်) စားဖို့တောင်အနိုင်နိုင်၊ဆေးဝါးလည်းလိုအပ်တယ်၊ ရှိတာတော့ကူညီပေးတယ်၊ သူတို့ကို ရှိတာလေးတွေမျှပေးနေရတာပဲ “လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကျားကြီးကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက စားနပ်ရိက္ခာခက်ခဲတဲ့အပြင် အမိုးမလုံတာကြောင့်မိုးရွာသွန်းရင် မိုးရေထဲ အိပ်ရတာတွေရှိတဲ့အတွက် ဖျားနာကြတာဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
အရင်နှစ်ထက် အခုနှစ်ရာသီဥတုအကူးအပြောင်းဟာ ဖျားနာသူပိုများကြတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
ပုံစာ – ဝက်လက်မြို့နယ် တစ်နေရာက စစ်ရှောင်များ။
ဓာတ်ပုံ – Supplied
#Dailynews

