ရန်ကုန် -၂၀၂၃ ဇွန် ၆ (မော်ကွန်း)
မေ ၃၀ ရက်က သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ကို ပစ်ခတ်သူတွေလို့ဆိုပြီး အမျိုးသားနှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးလိုက်ပြီး သူတို့ဟာ Special Task Force – STF အဖွဲ့ဝင်တွေဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ပါတယ်။
စွပ်စွဲဖမ်းဆီးခံရသူတွေဟာ အသက် ၂၃ နှစ်အရွယ် ကောင်းဇာနည်ဟိန်း (ခ) လပြည့်နဲ့ အသက် ၃၀ အရွယ် ကျော်သူရ(ခ) အီးတီဆိုသူတို့ ဖြစ်ပြီး ဇွန် ၄ ရက်မနက်ပိုင်းက ကမာရွတ်မြို့နယ်အတွင်းက အမျိုးသားအဆောင်တစ်ခုမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူအဖြစ် နာမည်ကြီးတဲ့လီလီနိုင်ကျော်ဟာ ဒီနေ့ မနက်မှာ အဲဒီဒဏ်ရာနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာသေသွားပြီလို့ သူရဲ့လူမှုကွန်ရက်မှာ မိသားစုဝင်တစ်ဦးကရေးသားထားပါတယ်။ သူဟာ ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ မေ ၃၀ ရက်က ပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။
လီလီနိုင်ကျော်ကို လုပ်ကြံဖို့စေခိုင်းသူတွေဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဟောင်းဖြစ်တဲ့ ဒီငြိမ်းလင်းနဲ့ မဟေဇယ်တို့ဖြစ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပြီး စစ်တပ်ထောက်ခံသူတွေက ထိုသူနှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ဖို့ တယ်လီဂရမ်လူမှုကွန်ယက်မှာ လှုံဆော်နေကြပါတယ်။
STF အဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခံရတဲ့သူတွေဟာ ၂၀၂၁၊ ဇွန်လထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၁ နယ်မြေနဲ့ ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်ထဲက ထိန်းချုပ်နယ်မြေတွေမှာ ဖောက်ခွဲရေးသင်တန်းတက်ခဲ့သူတွေလို့ စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO) တည်ထောင်သူဦးတင့်လွင်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ ပစ်သတ်ခံခဲ့ရပါတယ်။
ပုံစာ-အဆိုတော်လီလီနိုင်ကျော်
Photo-လီလီနိုင်ကျော်လူမှုကွန်ရက်စာမျက်နှာ
#Dailynews

