ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေတိုက်ပွဲဖြစ်နေတာကြောင့် အဲဒီ့ပတ်ဝန်းကျင်ကျေးရွာတွေက စစ်ဘေးရှောင်တစ်ထောင်ခန့် ဝိုင်းမော်မြို့ကိုတိမ်းရှောင်လာတယ်လို့ အဆိုပါ စစ်ရှောင်တွေကို ကူညီသူတွေဆီကသိရပါတယ်။
အခုလ ၂ ရက်ကစပြီး လိုင်ဇာမြို့အဝင်က နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
“နမ်ဆန်ယန်ရွာက အရင်ကစစ်ရှောင်တွေ တိုက်ပွဲတွေမရှိတော့ ပြန်လာနေကြတဲ့ရွာ၊ အခုတစ်ကျော့ပြန်ပြန်ဖြစ်တော့ ပြန်ပြေးရတယ်။ ဝိုင်းမော်က ခရစ်ယာန်ကျောင်းတွေ၊ ယာယီစစ်ရှောင်စခန်းတွေမှာ နေကြတာပေါ့။ စုစုပေါင်း အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ ၁,၀၀၀ လောက်ရှိတယ်” လို့ သူက ပြောပါတယ်။
လိုင်ဇာဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းနေပြီး ဒေသခံပြည်သူတွေ သွားလာရေးနဲ့လုံခြုံရေး အထူးဂရုပြုဖို့ KIA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေကို အဖွဲ့အစည်းအချို့က ဆန်နဲ့အသုံးအဆောင်ပစ္စည်းထောက်ပံ့မှုတွေရှိတယ်လို့ စစ်ဘေးရှောင်တွေ ကူညီနေသူကပြောပါတယ်။
“လောလောဆယ်တော့ ဒေသခံ NGO တွေက ဆန်နဲ့ အဝတ်အစားတွေ ပေးတာရှိတယ်၊ နောက်ထပ် ကူညီဖို့ ဆက်သွယ်ထားတဲ့အဖွဲ့အစည်းတွေလည်း ရှိတယ်၊ အဓိက လိုအပ်နေတာတော့ ခြင်ထောင်တွေ ဘာတွေတော့ လိုအပ်နေတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ က စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲတွေကြောင့် ကျေးရွာကိုစွန့်ခွာထွက်ပြေးခဲ့ရပြီး ၂၀၁၉ မှာ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြတာဖြစ်ပါတယ်။ အခု တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထပ်မံစစ်ဘေးရှောင်ကြရတာပါ။
KIA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေဟာ မြစ်ကြီးနားကနေ လိုင်ဇာဘက်ကို အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
ပုံစာ – ဝိုင်းမော်က စစ်ရှောင်စခန်းတစ်ခုကို ရောက်ရှိလာတဲ့ နမ်ဆန်ယန်ကျေးရွာက စစ်ဘေးရှောင်များ
Photo – Supplied
#Dailynews

