ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း)
ဒီနေ့နံနက်အစောပိုင်းက မိုးကြီးပြီး တောင်ကျရေတွေကျလာတာကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ လားရှိုးမြို့မှာ ရေပြန်ကျသွားပါပြီ။
“တောင်ကျရေတွေကျလာတဲ့အချိန် အိပ်ပျော်နေတဲ့ ရပ်ကွက် ၅ က အသက် ၃၃ နှစ် အရွယ် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီးဆုံးသွားပါတယ်။ သူ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာတွေရခဲ့လို့ ဆေးရုံပို့ထားရပါတယ်။ ကလေးတွေကတော့ တစ်ခြားအိမ်မှာသွားအိပ်နေလို့ဘာမှမဖြစ်သွားခဲ့ပါဘူး။” လို့ ကမ္ဘောဇနာရေးအသင်း တာဝန်ခံကပြောပါတယ်။
ဒီနေ့နံနက် ၂:၀၀ ကျော်မှာ အမြင့်ပိုင်း ရပ်ကွက် ၅ ကနေတောင်ကျရေတွေစီးလာပြီး လမ်းတစ်လျှောက်က ရပ်ကွက် ၆၊ ၇၊ ၈ နဲ့ ၁၂ ရပ်ကွက်တွေပါ ရေတွေဝင်ခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။
“အရင်က ဒီလိုချိန်ဆို တောင်ကျရေတွေက အောက်ကိုကျလာပြီး သုံးလေးရက်နေတော့မှ ရေလျှံတာ။ အခုက တစ်ရက်တည်းနဲ့ တောင်ကျရေတွေ အားပြင်းပြင်းနဲ့စီးလာတာ။ ဒီလိုဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ ပြင်ဆင်ချိန်လည်းမရလိုက်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နေအိမ်တစ်ချို့ထိခိုက်မှုရှိခဲ့မယ့်အတိအကျတော့မသိရသေးပါဘူး။ ရေဝင်ခဲ့တဲ့အိမ်တွေကို ပြန်လည်စုပ်ထုတ်ပြီး ထိခိုက်ခဲ့သူတွေကို စားနပ်ရိက္ခာအကူအညီတွေထောက်ပံ့ပေးထားတယ်လို့ လူမှုကူညီရေးအသင်းတွေထံမှသိရပါတယ်။
လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးကြီးခဲ့ပါတယ်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးရေချိန် သုံးလက်မကျော်ရင် မိုးကြီးတယ်လို့သတ်မှတ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေဖြစ်တဲ့ သီပေါ နဲ့ ကျောက်မဲမြို့မှာ မနေ့က မိုးရေချိန်လေးလက်မ ကနေ ငါးလက်မအထိ စံချိန်တင်မိုးရွာသွန်းခဲ့တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
လားရှိုးမြို့ဟာ မိုးရာသီရောက်တိုင်းရေကြီးရေလျှံမှုတွေဖြစ်ခဲ့သလို မနှစ်ကလည်း မိုးကြီးပြီးတောင်ကျရေတွေကျလာလို့ ရပ်ကွက် ၁၂ မှ အမျိုးသားတစ်ဦးသေဆုံးခဲ့ဖူးတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။
ပုံစာ- ဒီနေ့နံနက်ပိုင်းလားရှ်ိုးမြို့ရေကြီးမှုမြင်ကွင်း။
ဓာတ်ပုံ- လားရှိုးလူငယ်များကူညီရေးအဖွဲ့။
#Dailynews

