ရန်ကုန် – ဩဂုတ် ၁၂ (မော်ကွန်း)
ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အတက်ကြမ်းနေတဲ့ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ဒီနေ့မှာလည်း အမြင့်ဆုံးကိုဆက်လက်ရောက်ရှိလာပါတယ်။
အခေါက်ရွှေဈေးနှုန်း ပြင်ပပေါက်ဈေးဟာ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၇၈ သိန်းဝန်းကျင်ထိ ရောက်ရှိလာတာပါ။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ ကျော်ကို စတင်ရောက်ရှိခဲ့ပြီး သီတင်းပတ်နှစ်ပတ်ကျော်ကာလအတွင်း တစ်ကျပ်သားကို ၁၈ သိန်းနီးပါး မြင့်တက်ခဲ့တာပါ။
ရွှေဈေးစံချိန်တင်အမြင့်ဆုံးရောက်နေသလို နိုင်ငံခြားငွေတွေဖြစ်တဲ့ ကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်တို့ရဲ့ လဲလှယ်နှုန်းတွေဟာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။
ဒီနေ့ညနေပိုင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၆,၄၀၀ ကျော်ထိ ပေါက်ဈေးဖြစ်နေသလို၊ တရုတ်ငွေတစ်ယွမ်ကို ၉၀၀ ကျပ်နီးပါးကို ရောက်ရှိလာပြီး ထိုင်းတစ်ဘတ်ကိုလည်း ၁၈၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာတာပါ။
ဇူလိုင်လကုန်ပိုင်းကတော့ တစ်ဒေါ်လာကို ၅,၀၀၀ ကျပ်ကျော်မှာရှိခဲ့ပြီး တစ်ပတ်ကျော်အတွင်း ၁,၀၀၀ ကျော်မြင့်တက်သွားတာပါ။
အလားတူပဲ တရုတ်ယွမ်ကလည်း ဇူလိုင်လကုန်ပိုင်းက တစ်ယွမ်ကို ၇၀၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်က တစ်ဘတ်ကို ၁၄၀ ကျပ်ဝန်းကျင်မှာပဲ ရှိခဲ့ရာက အခုလို တစ်ပတ်ကျော်အတွင်း သိသိသာသာ မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ နယ်စပ်ပို့ကုန်လမ်းကြောင်းတွေ ဖြတ်တောက်ခံနေရတာ၊ ပြည်ပပို့ကုန်ဆိုင်ရာ နိုင်ငံခြားငွေကန့်သတ်ချက်တွေကြောင့် ဒေါ်လာလိုအပ်ချက်မြင့်တက်နေတာ၊ ကျပ်ငွေတန်ဖိုးက ကျဆင်းသွားတာတွေက အခုလို ရွှေဈေးနှုန်းတွေနဲ့ နိုင်ငံခြားငွေကြေးတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်နေတာလို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။
စစ်ကောင်စီလက်ထက်မှာ အခုလို ရွှေဈေးနဲ့ ငွေကြေးဈေးကွက်ကမောက်ကမဖြစ်မှုတွေ မကြာခဏရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာ မြင့်တက်ချိန်ကြာမြင့်ပြီး မြင့်တက်တဲ့နှုန်းကလည်း အမြန်ဆုံးဖြစ်နေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“အခုက နှစ်ပတ်လောက်ရှိပြီပေါ့ ဆက်တိုက်အတက်ကြီးဖြစ်နေတာ။ အရင်ကဆို တခါတက်ပြီးရင် နည်းနည်းပြန်ငြိမ်တာမျိုးရှိတယ်။ အခုက လုံးဝကို ခန့်မှန်းမရအောင်တက်နေတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီကတော့ သူတို့ရဲ့ ဗဟိုဘဏ်ငွေလဲလှယ်နှုန်းမှာတော့ တစ်ဒေါ်လာကို ၃,၆၀၀ ကျပ်ကျော်မှာ သတ်မှတ်ထားပြီး ရွှေဈေးနှုန်းကိုလည်း တစ်ကျပ်သားကို ကျပ် ၄၇ သိန်းကျော်မှာ သတ်မှတ်ထုတ်ပြန်ထားပေမယ့် အဲဒီဈေးနှုန်းတွေနဲ့ ပြင်ပမှာအရောင်းအဝယ်လုပ်တာမရှိပါဘူး။
စစ်တပ်က အာဏာမသိမ်းခင်ကတော့ ရွှေတစ်ကျပ်သားကို ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာကိုလည်း ၁,၃၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိခဲ့ရာက အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ရွှေနဲ့ ဒေါ်လာဈေးတွေ လေးဆကျော်မြင့်တက်ခဲ့တာပါ။
ပုံစာ – ရန်ကုန်မြို့တွင်းက ရွှေဆိုင်တစ်ခုမြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

