ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၀ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အစပ်က ငမိုးရိပ်ချောင်းအနီးမှာရှိတဲ့ကျေးရွာတွေ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ အကူအညီတွေလိုအပ်နေသေးတယ်လို့ လှည်းကူး Information Centre က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“အလှူရှင်တွေက မလာသလောက်တော်တော်လေးရှားသွားပြီ။ စားရေးသောက်ရေးအခက်အခဲကို ရပ်ကွက်က တာဝန်ရှိသူတွေက ငွေကြေးတတ်နိုင်တဲ့သူတွေက စုပေါင်းပြီးချက်ပြုတ်ကျွေးနေရတဲ့ အနေအထားရှိတယ်။ ဘာအကူညီလိုလဲဆိုတော့ အစာခြောက်လေးတွေက ပိုပြီးသင့်တော်မှာပေါ့နော်” လို့ သူကပြောပါတယ်။
လှည်းကူးမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရေပြန်ကျသွားပေမယ့် မြို့တောင်ဘက်ခြမ်းကကျေးရွာတွေဖြစ်တဲ့မလစ်(အရှေ့၊ အနောက်) ကင်ပွန်းခြုံ၊ အဝိုင်း၊ ရှမ်းရွာ စတဲ့ကျေးရွာတွေကတော့ ရေအနည်းငယ်ပဲပြန်ကျသေးတယ်လို့ သူကပြောပါတယ်။
“မိုးမရွာတော့တဲ့ တစ်ပတ်ဝန်းကျင်လောက်မှာ ရေက ခြောက်လက်မပဲကျတယ်။ မလစ်အနောက်မှာပေါ့နော်။ တချို့နေရာတွေက ကုန်းပေါ်တယ်။ တချို့နေရာတွေက ဒူးလောက်ပေါင်လောက်ကျန်သေးတယ်။ မလစ်အရှေ့ဆို ရေလုံးဝမကျသေးဘူး။ သူကချောင်းနဲ့အနီးဆုံးပေါ့” လို့ HIC က တာဝန်ရှိသူက ပြောပါတယ်။
ရေပြန်မကျတာ အချိန်ကြာလာတာနဲ့အမျှ တချို့နေရာတွေမှာ ရေတွေပုပ်လာပြီး အနံ့ဆိုးထွက်တာ၊ ယားနာပေါက်တာ၊ အနာစိမ်းပေါက်တာတွေပါရှိလာလို့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးကရွာတွေမှာ အခုလ ၇ ရက်က စလို့ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး ဒေသခံလေးထောင်ကျော်ဟာ ကူညီကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။
အခုရက်ပိုင်းမှာ လှည်းကူးမြို့နယ်အပါအဝင် ပဲခူး၊ ပုသိမ်ကြီး၊ နမ္မတူ စတဲ့မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား ရေဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါသေးတယ်။
ပုံစာ-လှည်းကူးမြို့ပေါ်ရပ်ကွက်တွေမှာ ရေပြန်ကျသွားပေမယ့် မြို့တောင်ဘက်အခြမ်းက ငမိုးရိပ်ချောင်းအနီးမှာရှိတဲ့ ကျေးရွာတချို့ကတော့ ဒီနေ့အထိ ရေပြန်မကျသေးလို့ ဒေသခံတွေ အကူအညီတွေလိုအပ်နေပါတယ်။
ဓာတ်ပုံ-HIC

