မကွေးတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁၀ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်နယ်တွေမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးတွေ ပြန်လည်လှုပ်ရှားလာကြပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ ပြည်သူတွေ ပြင်ဆင်ထားကြဖို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးနေပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရေလယ်ကျွန်းဒေသကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ နီးစပ်ရာ စခန်းတွေကို ရောက်ရှိနေကြကြောင်း ဒေသခံကဆိုပါတယ်။
ချင်းတွင်းမြစ်အနောက်ခြမ်း ရေစကြိုဘက်မှ ချစ်သူရွာ၊ ညောင်ပင်ရွာ၊မိုးကွဲ/မိုးဖြူရွာနဲ့ မြေတော်ရွာ ရဲကင်းစခန်းတွေဆီ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး ရေလယ်ကျွန်းဒေသတွေကိုစစ်ကြောင်းထိုးဖို့ဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
အလားတူ မနေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို အာဏာသိမ်းစစ်ကောင်စီက စစ်အင်အား များစွာဖြည့်တင်းလာမှုများကြောင့် မကြာမီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့ကနေ သတိပေးပါတယ်။
ဒါကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ တတ်နိုင်သရွေ့ ခရီးသွားလာခြင်းမပြုရန် အထူး သတိပေးကြောင်း၊ ထို့အပြင် အရေးပေါ်စစ်ဘေးရှောင်နိုင်ရန်အတွက် ဆေးပစ္စည်းများ၊ တကိုယ်ရည်သုံးပစ္စည်းများ၊ အဝတ်အထည်၊ စောင်၊ သွားတိုက်တံ/ဆေး တို့ကို ကြိုတင်ကာ အသင့်ပြင်ဆင်ထားကြပါရန် ၎င်းတို့က သတိပေးထားပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီဟာ မြိုင်နယ်မြောက်ပိုင်းကို စစ်ကား ၁၃ စီးဖြင့် ထွက်ခွာသွားပြီး မြိုင်နယ်အနောက်ပိုင်းကိုလည်း အင်အား ၂၀၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းနဲ့ စတင်ထိုးစစ်ဆင်နေကြောင်း ဒေသခံအချို့က ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အနီးရေလယ်ကျွန်းဒေသတွေနဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအစပ် မြိုင်နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်ခံPDF တွေ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးပါတယ်။

