ရခိုင်-၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေထဲက နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AAက ဒီနေ့မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ရသေ့တောင်ဒေသခံတွေက ပြောပါတယ်။
AA နဲ့ စစ်ကောင်စီအကြား ၂၀၂၂ နိုဝင်ဘာ ၂၆ ရက်မှာ တိုက်ပွဲတွေရပ်စဲခဲ့ပြီး တစ်နှစ်နီးပါးအကြာ ဒီနေ့မှာတစ်ကြော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။
အခုလက်ရှိအချိန်မှာတော တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်စခန်းတွေရှိတဲ့ ကျေးရွာနှစ်ရွာက ဒေသခံတွေဟာ မေယုတောင်တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုံးပိုက်ကျေးရွာအနီးက ဆင်ပိုက်ကျေးရွာဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ အသံတွေတော့ကြားရတယ်။ (ဆင်ပိုက်)ရွာမှာတော့ တိမ်းရှောင်နေရတာမရှိဘူး။ ဒုံးပိုက်မှာတော့ ရွာခံတွေ ရွာလုံးကျွတ်တိမ်းရှောင်နေကြတယ်” လို့ ၎င်းကပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ ရက္ခိုင့်တပ်တော် AAက စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ ဖော်ပြထားပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကော AA ပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ ချိန်ခါလီရဲစခန်း မကျသေးဘဲ ရေတပ်ကပါ ကူပြီးတိုက်ခိုက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ ဒီနေ့မနက်အစောပိုင်းမှာ မင်းပြားမြို့နယ်မှာလည်း မင်းပြားတိုင်းဗဟို (၉)ကနေထွက်လာတဲ့ လက်နက်နဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ ကားတွေကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။
ဒီနေ့မနက်ပိုင်း မင်းပြားနဲ့ ရသေ့တောင်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ကိုဝင်တဲ့ ငသိုင်းချောင်း-ဂွလမ်း၊ ပြည်-တောင်ကုတ်လမ်း၊ မင်းဘူး-အမ်းလမ်း စတာတွေကို ပိတ်လိုက်တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA ၊ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး”ဆင်နွှဲနေသလို စစ်ကိုင်းတိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
ပုံစာ-ရခိုင်ပြည်နယ်တွင်းတစ်နေရာမှာ တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-AA Info Desk

