ရန်ကုန် – ၂၀၂၄ ဇွန် ၁၄ (မော်ကွန်း)
ရွှေဆိုင်တွေဖွင့်လှစ်ထားပေမယ့် လိုအပ်သလောက် ဝယ်ယူလို့မရတာကြောင့် ရွှေဈေးကွက် ဆက်လက်ရပ်တန့်နေတယ် ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ရွှေဆိုင်တွေကို ပုံမှန်ဖွင့်လှစ်ဖို့နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၆ သိန်း နှစ်သောင်းကျော်မှာပဲ အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၅၄ သိန်းကျော်မှာ ရှိနေတာပါ။
ရွှေဆိုင်တွေဟာ YGEA ထုတ်ပြန်ချက်ကြောင့် ဆိုင်တွေကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပေမယ့် အဲဒီသတ်မှတ်ဈေးနဲ့ လိုသလောက် ဝယ်ယူလို့မရဘဲ ရွှေဆိုင်တချို့ကတော့ တစ်ဦးကို တစ်ပဲနှုန်းနဲ့ တန်းစီစနစ်နဲ့ ရောင်းပေးနေတာရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။
ဒါ့ပြင် အခေါက်ရွှေအတုံးနဲ့ ဖြတ်စတွေကိုလည်း ရောင်းချပေးခြင်းမရှိဘဲ ရွှေထည်နဲ့ လက်ဝတ်ရတနာတွေကိုပဲ ရောင်းချပေးနေပြီး ရွှေဈေးကွက်ဟာ ဈေးနှစ်မျိုးဖြစ်နေတာကြောင့် ဈေးကွက်တစ်ခုလုံးက ရပ်တန့်နေဆဲဖြစ်တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“ဆိုင်တွေဖွင့်ထားပေမယ့် လာဝယ်ရင်လည်း တစ်ပဲလောက်ပဲ YGEA ဈေးနဲ့ ဟန်ပြရောင်းတာပဲရှိတယ်။ အခေါက်ရွှေတုံးကတော့ အပြင်လူမရောင်းဘူး။ အချင်းချင်း စိတ်ချရတဲ့သူပဲ အပြင်ပေါက်ဈေးနဲ့ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံမျိုး အရောင်းအဝယ်လုပ်တာရှိတယ်” လို့ ၎င်း လေ့လာစောင့်ကြည့်သူက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့တွင်းက ရွှေဆိုင်တချို့မှာ ‘ယနေ့ ရွှေအပိုင်းအစ၊အတုံး အရောင်းအဝယ်မလုပ်ပါ’လို့ ကြေညာထားပါတယ်။
လက်ဝတ်ရတနာနဲ့ ရွှေထည်ပစ္စည်းတွေ ရောင်းချရာမှာလည်း YGEA သတ်မှတ်ဈေးနဲ့ ပြင်ပဈေးကွက်ကဈေးနှုန်းကိုကာမိအောင် အလျော့တွက်လက်ခတွေမှာ ပိုပြီးတိုးမြှင့်ထားတာကြောင့် ဝယ်ယူသူတွေမှာ နစ်နာမှုတွေရှိနေတာပါ။
စစ်ကောင်စီက ယခုလဆန်းပိုင်းမှာ ဇွဲထက်၊ အောင်သမာဓိ၊ ဝိန့်စိန်၊ အကယ်ဒမီ အစရှိတဲ့ နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက်မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ဟာ ရွှေဈေးနှုန်းကို သတ်မှတ်ပေးခဲ့ပြီး အဲဒီဈေးနှုန်းအတိုင်း မရောင်းချရင် တိုင်ကြားနိုင်တယ်လို့ ယခုလဆန်းပိုင်းမှာ စတင်ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလကုန်မှာ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်အထိ ထိုးတက်ခဲ့တဲ့ပြီးနောက်မှာ ရွှေဈေးကစားတယ်ဆိုကာ နာမည်ကြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး ရွှေဈေးကွက်ရပ်ဆိုင်းခဲ့တာပါ။
ပုံစာ – အကယ်ဒမီ အခေါက်ရွှေတုံး
ဓာတ်ပုံ – မော်ကွန်း

