ရန်ကုန် – ၂၀၂၄ မေ ၉ (မော်ကွန်း)
ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းက လှိုင်သာယာ၊ အင်းစိန် မြို့နယ်တွေမှာ လေပြင်းတိုက်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးသီးတွေပါကြွေကျခဲ့တယ်လို့ အဲဒီ မြို့နယ်တွေမှာနေထိုင်သူတချို့က ပြောပါတယ်။
ဒီနေ့မွန်းလွဲ သုံးနာရီခန့်ကစပြီး အဲဒီမြို့နယ်တွေမှာ ရုတ်တရတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဖြစ်ပြီး မိုးသီးတွေပါ ကြွေကျတဲ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ထဲက နေအိမ်တချို့လည်း အိမ်သွပ်မိုးတွေ လန်ခဲ့တယ်လို့ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ရုတ်တရတ်ကြီး လေပြင်းတွေရော၊ မိုးရောကြီးတာ၊ မိုးသီးတွေလည်း ကြွေကျတာ၊ မသိရင် မုန်တိုင်းတိုက်သလိုပဲ” လို့ ၎င်းက ပြောပါတယ်။
အပူချိန်မြင့်တက်နေတဲ့ ရန်ကုန်တိုင်းထဲမှာ ကွက်ကြားမိုးရွာသွန်းခဲ့တာဖြစ်ပြီး မြို့နယ်တချို့မှာပဲ အခုလို ကြုံတွေ့ခဲ့ရတာပါ။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့နေ့လယ်ပိုင်း ထုတ်ပြန်ထားချက်အရတော့ ရန်ကုန်တိုင်းအပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကရင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားတဲ့ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ မနေ့က မနက်ပိုင်း ၉ နာရီခွဲကနေ ကနေ ဒီနေ့ မနက်ပိုင်းထိ မေလရဲ့ ပျှမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်ကနေ ၄ ဒီဂရီဆဲလ်စီးယပ်ထိ အပူချိန် မြင့်တက်နေတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားတာပါ။
ပုံစာ – ဒီနေ့ မွန်းလွဲပိုင်း အင်းစိန်မြို့နယ်မှာ မိုးရွာသွန်းခြင်းနဲ့ မိုးသီးကြွေတဲ့ မြင်ကွင်း
Photo – Supplied

