ရန်ကုန်- ၂၀၂၂၊ ဇူလိုင် ၁၂ (မော်ကွန်း)
ရန်ကုန်မြို့အတွင်း မြို့နယ်အများအပြားမှာ စစ်ဆင်ရေးတွေအရှိန်ဟုန်နဲ့လုပ်ဆောင်သွားဖို့ရှိတယ်လို့ ရန်ကုန်အခြေစိုက်မြို့ပြပျောက်ကျားအဖွဲ့တစ်ခုက ပြောပါတယ်။
“တတ်နိုင်သမျှစကစတွေနဲ့ဝေးဝေးမှာနေပေးပါ။ အဖွဲ့သားအားလုံးဘေးကင်းစွာပြန်ရောက်ပါပြီ။ လုံခြုံရေးအခြေအနေတွေအရ ပွဲတွေချမပြတော့ပါဘူး။ ဇူလိုင် ၁၇ ရက်ထိ သတိပေးချက်ထုတ်ပြန်ထားတာမို့ တတ်နိုင်သမျှဝေးဝေးနေပေးဖို့တောင်းဆိုပါတယ်” လို့ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ခု၏တာဝန်ခံ ဗိုလ် Fighter က ပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းတွေကစလို့ ရန်ကုန်အတွင်းကမြို့နယ်တော်တော်များများ မြို့ပြပျောက်ကြားအဖွဲ့တွေက ပစ်ခတ်၊ဖောက်ခွဲမှုတွေ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။
ဒီနေ့လယ်မှာလည်း တာမွေမြို့နယ်၊ အောင်မင်္ဂလာမှတ်တိုင်နားမှာ ဗုံးတွေ့ရှိခဲ့လို့ လမ်းတွေပိတ်ဆို့ပြီး ဗုံးကို စကစတပ်သားတွေဖောက်ခွဲရှင်းထုတ်ခဲ့ပါတယ်။
“အောင်မင်္ဂလာမှတ်တိုင်နားမှာဗုံးတွေ့လို့ဆိုပြီး လမ်းတွေပိတ်ထားတာ။ ကားတွေလည်းသွားမရဘူး။ ဗုံးကသူတို့ဖာသာ သူတို့ဖောက်လိုက်တာ။” လို့ အောင်မင်္ဂလာမှတ်တိုင်နားနေထိုင်သူတစ်ဦးကပြောတယ်။
စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ နှစ်ထောင်ကျော်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီကယ်ဆယ်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
#Dailynews

