ရန်ကုန် – ၂၀၂၅ ဇွန် ၃ (မော်ကွန်း)
ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက ဆင်ခြေဖုံးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘေးတွဲဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ငွေကြေးတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ကယ်ရီသမားတချို့က ပြောပါတယ်။
သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို ဒီရက်ပိုင်းမှာ လိုက်လံဖမ်းဆီးနေတာပါ။
စစ်သား၊ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့တွေဟာ ဘေးတွဲဆိုင်ကယ်တွေကို ရပ်ကွက်အတွင်းပိုင်းတွေအထိ လိုက်လံဖမ်းဆီးနေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က ကယ်ရီပြေးဆွဲသူတစ်ဦးက ပြောပါတယ်။
ဘေးတွဲဆိုင်ကယ်ကယ်ရီတွေ အများအပြားရှိနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းကလည်း ဆိုင်ကယ်ဘေးတွဲတွေရဲ့ အမိုးတွေကိုဖြုတ်ပြီးမောင်းဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ဆိုင်ကယ်အမိုးမပါလည်း ဖမ်းဆီးနေတာဖြစ်ပြီး ရပ်ကွက်တွေထဲက နေအိမ်တွေထိ ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဘေးတွဲကယ်ရီပြေးဆွဲသူတစ်ဦးက ပြောပါတယ်။
“သူတို့ပြောတာ ထီးတပ်ထားရင်ဖမ်းတယ်ဆိုပြီး ထီးတွေဖြုတ်လိုက်တော့ ထီးမပါလည်းဖမ်းတယ်။ ထီးဖိုးဆိုပြီး တောင်းတယ်။ ထီးအခိုင်အမာလုပ်ထားရင်လည်း တစ်သိန်းနှစ်သောင်းပေး၊ မပေးရင် ဆိုင်ကယ် သိမ်းတယ်။ အင်္ကျီတွေလုပ်တုန်းက ခြောက်သောင်းသွင်းရတယ်။ တစ်လတစ်ခါ တစ်သောင်းပေးရတယ်။ အခုသူတို့ပေးတဲ့အင်္ကျီနဲ့ မောင်းရင်လည်း နောက်တစ်ဖွဲ့က ဖမ်းတယ်။ ပိုက်ဆံတောင်းတယ်” လို့ ၎င်းက ပြောပါတယ်။
အခုလို အဖမ်းအဆီးများနေတာကြောင့် ဘေးတွဲကယ်ရီတွေ လမ်းကြောင်းပြောင်းဆွဲတာ၊ ခိုးဆွဲတာတွေရှိလာတယ်လို့ တောင်ဒဂုံမြို့နယ်က ကယ်ရီမောင်းနှင်သူတစ်ဦးက ပြောပါတယ်။
“တောင်ဒဂုံမှာလည်း ဖမ်းနေတာပဲ။ သူတို့ကိုလည်း မှတ်ပုံတင်လုပ်ဆိုလို့ မှတ်ပုံတင်ထားလည်း သူတို့ဖမ်းချင်ရင်ဖမ်းတယ်။ အဖမ်းအဆီးရှိတဲ့နေရာကို ရှောင်သွားနေရတာပေါ့” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လှည့်ကင်းနဲ့ စစ်ဆေးမှုတွေလည်း မကြာခဏရှိနေပြီး လှည့်ကင်းနဲ့တွေ့ပြီးဖမ်းဆီးခံရပါက ဒဏ်ငွေကျပ်ငါးသောင်းကနေ သိန်းနဲ့ချီပြီး ပေးဆောင်နေရတယ်လို့ ၎င်းဘေးတွဲယာဉ်မောင်းတချို့က ပြောပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်မှာလည်း လျှပ်စစ်စက်ဘီးနဲ့လျှပ်စစ်သုံးဘီးတွေကို မေလ နောက်ဆုံးအပတ်ကစတင် ပိတ်ပင်ထားပြီး စီးနင်းသူတွေ အာဏာပိုင်တွေက ပစ္စည်းသိမ်း၊ လူဖမ်း လုပ်ဆောင်နေတဲ့အတွက် အသက်မွေးဝမ်းကျောင်းအခက်အခဲ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ နဲ့ ရင်ဆိုင်နေကြရတယ်လို့ မြို့ခံတစ်ချို့က ပြောပါတယ်။
” လိုက်ဖမ်းနေတဲ့အတွက် သုံးဘီးလည်း ထွက်မဆွဲရဲဘူး။ ဒီရက်ပိုင်း ဘာအလုပ်မှမရှိဘူး။ မိသားစု စားဝတ်နေရေး အတော်လေး ကြပ်တည်းကုန်တယ်” လို့ ဒလမြို့က သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးကလည်း ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ မြို့ရဲ့ ရပ်ကွက်နဲ့ လမ်းမတွေပေါ်မှာ စောင့်ကြို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်တိုင်းရဲ့ ဆင်ခြေဖုန်းမြို့နယ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေ အများအပြားကို ဒေသလိုအပ်ချက်အလိုက် ပြေးဆွဲနေကြပါတယ်။
လက်ရှိဆိုင်ကယ်ဘေးတွဲ ပြေးဆွဲသူတွေအနေနဲ့လည်း သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ မှတ်ပုံတင်ပြီးမှ ပြေးဆွဲခွင့်ပေးနေတာပါ။
ပုံစာ – သင်္ဃန်းကျွန်းမြို့နယ်က ဘေးတွဲဆိုင်ကယ်တချို့
ဓါတ်ပုံ – မော်ကွန်း

