ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၅ (မော်ကွန်း)
ရခိုင်ပြည်နယ်ကမြို့နယ်ခုနှစ်မြို့နယ်မှာ ဒီလဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးမှုဖြစ်ပွားခဲ့ပြီး သောက်သုံးရေကန်ပေါင်း ၈၅ ကန်ပျက်စီးသွားတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က မနေ့ကထုတ်ပြန်ပါတယ်။
သောက်သုံးရေကန်တွေဟာ မြစ်ရေတက်မှုကြောင့် ရွှံ့နွံတွေဝင်ကုန်ကာပျက်စီးသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ခဲ့တဲ့လေးမြို့မြစ်နဘေးက မင်းပြားမြို့နယ်ကရေကန်တွေ အများဆုံးပျက်စီးခဲ့တာပါ။
ရေကြီးမှုကြောင့်မင်းပြားမြို့နယ်ကရွာပေါင်း ၁၂၉ ရွာ နဲ့သောက်သုံးရေကန် ၈၁ ခုပျက်စီးသွားခဲ့ပါတယ်။
“ရေအရင်းအမြစ်နဲ့ဝေးတဲ့ရွာတွေဆို တစ်ခြားရွာတွေကနေ သောက်သုံးရေသွားယူနေရတယ်။ နီးတဲ့ရွာတွေဆိုလည်း ပေ ၇၀၀-၈၀၀ လောက်ကနေရေတွေသွားယူရတာပေါ့။ တောင်ကြိုတောင်ကြားကစိမ့်စမ်းရေတွေကိုသုံးရတာ။ သောက်သုံးရေကတော့ ခက်ခဲနေတယ်ဗျာ”လို့မင်းပြားမြို့နယ်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရေကြီးမှုဒဏ်ကိုခံခဲ့ရတဲ့ခုနှစ်မြို့နယ်ကတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့တောင်ကုတ်မြို့နယ်တွေဖြစ်ပါတယ်။ ULA ရဲ့ စာရင်းတွေအရ အဲဒီမြို့နယ်တွေက ကျေးရွာပေါင်း ၃၉၀ နဲ့ အိမ်ခြေ ၂၈,၀၇၂ လုံးဟာ ရေလွှမ်းမိုးမှုခံခဲ့ရပြီး ဒီလိုရေလွှမ်းမိုးမှုကြောင့် ဒေသခံခြောက်ဦး ရေနစ်သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
မြောက်ဦးနဲ့မင်းပြားမြို့နယ်မှာလည်း ရေလွှမ်းမိုးမှုကြောင့် စာသင်ကျောင်းတွေအားလုံး ပိတ်ထားခဲ့ရတယ်လို့ လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
မေလ ၁၄ ရက်က မိုခါမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေချိန်မှာပဲ လေဘေးသင့်ဒေသခံတွေဟာ ရေကြီးမှုဒဏ်ပါထပ်ကြုံရတာပါ။ ရေကြီးမှုကြောင့် သောက်သုံးရေကန်တွေပျက်စီးသွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့်လည်း သောက်သုံးရေကန် ၃၆၅ ကန်ကျော် ပျက်စီးသွားခဲ့ကာ နောက်ဆက်တွဲဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကတော့ ရေကြီးမှုအကျိုးဆက်အနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်ပွရောဂါ၊ နှာစေးချောင်းဆိုး၊ အအေးမိတာတွေကြုံလာရနိုင်တာကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေကို အရေးကြီးလိုအပ်နေတဲ့ သောက်သုံးရေ၊ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ အမြန်ဆုံးကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
ပုံစာ- ဩဂုတ် ၈ ရက်၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာရေကြီးမှုမြင်ကွင်း။
ဓါတ်ပုံ- Cyclone Mocha ERRCA
#Dailynews

