ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာပါ တိုက်ပွဲတွေဖြစ်လာ

ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာပါ တိုက်ပွဲတွေဖြစ်လာ

ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း)

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ကုတ်-ပန်းတောင်းကားလမ်းပေါ် ညောင်ကျိုးကျေးရွာအနီးမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းစပြီး ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ ဧရာဝတီတိုင်းအစပ်နဲ့ မကွေးတိုင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။

ရခိုင်ရိုးမကိုဖြတ်ကျော်ကာ ရခိုင်ပြည်နယ် တောင်ကုတ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ပဲခူးတိုင်းထဲထိလမ်းပေါက်တဲ့ တောင်ကုတ်တောင်ကြားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လကစပြီး AA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလဆန်းပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ပဲခူးအစပ်က တောင်ပုံကြီးစစ်ဆေးရေးစခန်းနဲ့ မိုးထိဗျူဟာစခန်းတွေ AA လက်ထဲကို ကျရောက်သွားခဲ့ပြီး လက်ရှိမှာတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အဝင်မှာရှိတဲ့ ညောင်ကျိုးကျေးရွာ စစ်ဆေးရေးစခန်းထိ တိုက်ပွဲတွေရောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ညောင်ကျိုးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးနေရတာပါ။

မနေ့ကလည်း ညောင်ကျိုးကျေးရွာအနီးက စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ နတ်တောင်စခန်းကို AA တပ်တွေ သိမ်းယူခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတချို့ကလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပဲခူးတိုင်း ပြည်မြို့ကနေ တိုက်ပွဲဖြစ်နေတဲ့ တောင်ကုတ်လမ်းကြားပိုင်းကို စစ်ကူတွေ၊ လက်နက်ခဲယမ်းတွေ အင်အားအများအပြား ပို့ဆောင်ပေးနေတယ်လို့ ပြည်မြို့ဒေသခံတချို့က ပြောပါတယ်။

၎င်းလမ်းပိုင်းကို ကျော်လွန်ပါက ပဲခူးတိုင်း ပန်းတောင်း၊ ညောင်ခြေထောက်၊ ဆင်တဲနဲ့ ထုံးဘိုမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေ ရှိတာကြောင့် ဒီလမ်းပိုင်းကိုကာကွယ်ဖို့အတွက် အင်အားအလုံးအရင်းပို့နေတယ်လို့ ပြည်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ကားတန်းတွေတော့ အဲဒီဘက်ကို တောက်လျှောက်ပဲ တက်နေတယ်။ လေယာဉ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ ရဟတ်ယာဉ်တွေရော တိုက်လေယာဉ်တွေရောပဲ” လို့ ၎င်းဒေသခံက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေတာပါ။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်က ဧရာဝတီတိုင်းအစပ်ဖြစ်တဲ့ သာပေါင်း၊ ရေကြည်၊ ငသိုင်းချောင်း မြို့နယ်တွေကိုလည်း ရောက်ရှိနေပြီး ပြီးခဲ့တဲ့လပိုင်းကစပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပုံစာ – ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က စစ်ကောင်စီစခန်းတစ်ခုကို သိမ်းယူထားတဲ့ AA တပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – AA Info Desk

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."