ယင်းမာပင် – ၂၀၂၃ မတ် ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညတစ်ညတည်းမှာ နှစ်ကြိမ်မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာမီးလောင်တာ ကုန်သလောက်ရှိပြီ”လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ဟာ ယင်းမာပင်မြို့နယ်၊ မြောက်နုံးနဲ့ ကျွဲကျရွာကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက် ငါးဦးလောက်သေဆုံးပြီးတဲ့အခါ မြောက်နုံးရွာထဲကို ဝင်ရောက်ကာ ဖျက်ဆီးမှုတွေစတင်ပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ည ၇း၀၀ နာရီဝန်းကျင်မှာတော့ မြောက်နုံးကို စတင်မီးရှို့ခဲ့ပြီး ည ၉း၀၀ နာရီလောက်မှာ မီးညွန့်မမြင်ရတော့ဘူးလို့ ဒေသခံကပြောပါတယ်။
ည ၁၀း၂၀ လောက်မှာ ထပ်မံမီးရှို့ကာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ မြောက်နုံးရွာဟာ အခုအချိန်မှာတော့ တစ်ရွာလုံးကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံကပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး ပြန်လှည့်ရွာနဲ့ မြို့ကြီးရွာက စစ်ရှောင်သုံးဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပါတယ်။
ဒီကနေ့ စစ်ရှောင်နေရတဲ့ ယင်းမာပင်က ရွာတွေကတော့ ပြန်လှည့်၊ သီးကုန်း၊ အုန်းတော၊ ရှမ်းရွာ၊ မြို့ကြီး၊ ရွာထောင်လေး၊ နုံးကြီး၊ မြောက်နုံး၊ ရွှေညောင်ပင်၊ ကန်သာ၊ လက်ပံတော၊ ပေါက်ပန်းဖြူ၊ နတ္ထောင့်၊ ရုံးလေးပင် စတဲ့ရွာတွေဖြစ်ပြီး လူဦးရေစုစုပေါင်း ၁၁,၀၀၀ အထက်ရှိနိုင်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ပုံစာ – ဒီကနေ့ မီးရှို့ခံနေရတဲ့ မြောက်နုံးရွာ
ဓါတ်ပုံ – မော်ကွန်း
#Dailynews

