အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ စက်တင်ဘာ ၂၁ (မော်ကွန်း)
MRTV မှ ထုတ်လွှင့်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ၏ မဲဆွယ်မိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဆင်ဆာဖြတ်တောက်ခြင်းကြောင့် အစီအစဉ်ဖျက်သိမ်းသည်ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
ဆင်ဆာဖြတ်ခံရသည်များမှာ စီးပွားရေးစီမံကိန်းများကြောင့် ဒေသခံများနှင့် အာဏာပိုင်များကြား ပဋိပက္ခဖြစ်ပွားနေသည့် အကြောင်းအရာများ၊ ကလေးသူငယ်များအကြောင်း အစီရင်ခံစာနှင့် နိုင်ငံရေးဝေါဟာရများဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒီကိစ္စက UEC က လုပ်ရမယ့် ကိစ္စကိုမဟုတ်ဘူး။ ကျွန်တော်တို့ပြောတဲ့အထဲ မှားသွားတာရှိရင် ဥပဒေကြောင်းအရ တရားစွဲပေါ့။ အခြားပါတီတွေလည်းရှိတယ်၊ ထုတ်မပြောလို့။ ဥပမာ ‘ပြည်တွင်းစစ်’ စကားလုံးကို သုံးခွင့်မပေးဘူး။ ဒီတော့ ကျွန်တော်တို့က MRTV ကနေ မပြောတော့ဘူး ကိုယ့်ဘာသာကိုယ် Youtube၊ Facebook တို့ကပဲ ပြောတော့မယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံပိုင်ရုပ်သံ MRTV မှ ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းကို UEC ကစိစစ်ပြီး အလှည့်ကျထုတ်လွှင့်လျက်ရှိရာ ကနဦးအစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် စက်တင်ဘာ ၂၂ ရက်တွင် ထုတ်လွှင့်မည်ဖြစ်သည်။
သို့သော် UEC ၏ ဆင်ဆာဖြတ်တောက်မှုကို လက်မခံနိုင်သောကြောင့် အစီအစဉ်ဖျက်သိမ်းသည်ဟု ၎င်းက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းအတည်ပြုရန် UEC ၏ ပြောဆိုရန်တာဝန်ရှိသူ ဦးမြင့်နိုင်ကို မော်ကွန်းက တက်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
ဆင်ဆာဖြတ်ခံရသည်များမှာ ကြေးနီစီမံကိန်းလုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ပြဿနာ၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ မြေယာအရေးအခင်းပြဿနာ၊ ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်နေသည့် မန္တလေးတိုင်းဒေသကြီးမှ အောင်သပြေရွာ ပြဿနာ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်များအခြေအနေကို ဖော်ပြသည့် UNICEF Report ၊အစိုးရဝန်ထမ်းလုပ်ကိုင်လိုသည့် လူငယ်နည်းပါးခြင်းပြဿနာ စသည့်အကြောင်းအရာများနှင့် နိုင်ငံရေးဝေါဟာရဖြစ်သည့် ‘အဖိနှိပ်ခံလူတန်းစားများ’ စသည်များဖြစ်သည်ဟု ဦးအောင်မိုးဇော်က ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ အရေးအခင်း နောက်ပိုင်း ဖွဲ့စည်းတည်ထောင်ခဲ့သည့်ပါတီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
Photo – DPNS
#Dailynews

