ပုဏ္ဏားကျွန်း- ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
ပုဏ္ဏားကျွန်းမြို့နယ်ထဲက အောင်မကျော်နဲ့ ဥယျာဉ်သာရွာတွေမှာ သောက်သုံးရေမသန့်တာကြောင့် ရွာလုံးကျွတ်နီးပါး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ တကယ်ဝေးတဲ့ ရွာတွေပါ။ တောင်သုံးလေးလုံးလောက်ကျော်ပြီးမှ ရောက်တဲ့ ရွာတွေပါ။ အဲဒီမှာ ဝမ်းပျက်ဝမ်းလျှောတွေ တစ်ရွာလုံးဖြစ်နေကြပြီလို လှမ်းပြောတယ်။ နီးစပ်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ လှမ်းပြီးအကြောင်းကြားတယ်။ အဲဒီဘက်ကို တစ်ရက်နှစ်ရက်လောက် ဆင်းပြီး ကူညီပေးဖို့ပြောထားတယ်” လို့ သူက ပြောပါတယ်။
အဲဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက်ခြမ်းမှာ တည်ရှိပြီး မြို၊ခမီ စတဲ့လူနည်းစု တိုင်းရင်းသားတွေနေထိုင်ရာ ကျေးရွာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်း မြို့နယ်ထဲကရွာတွေမှာ သောက်သုံးရေကန်တွေကို ပင်လယ်ရေငံတွေဖုံးအုပ်ခံခဲ့ရပြီး ရေအရင်းအမြစ်တွေပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ အကူအညီတွေမရောက်တဲ့ အဲဒီရွာတွေကဒေသခံတွေဟာ ရှိတဲ့ရေတွေကိုပဲ အဆင်ပြေသလို သုံးပြီးနေခဲ့ကြတာကြောင့် အခုတော့ နောက်ဆက်တွဲအကျိုးဆက်ကို ခံရတဲ့ အခြေအနေဖြစ်တယ်လို့ သူကဆိုပါတယ်။
အဲဒီဒေသက ကျေးရွာတွေမှာ ဆေးဝါးတွေ၊ သောက်သုံးရေတွေ၊ အစားအစာတွေ အကူအညီလိုအပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးတွေလည်း ရောက်ဖို့ ခက်ခဲ့တယ်လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားတာ၊ သောက်သုံးရေကန်တွေ ပျက်စီးသွားတာ၊ တောင်ယာစိုက်ပျိုးသီးနှံခင်းတွေ ပျက်စီးသွားတာကြောင့် ဒေသခံတွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး အခုအချိန်အထိ ထိခိုက်ခံစားခဲ့ရသူတွေကို လွှမ်းခြုံတဲ့ အကူအညီမျိုး မပေးနိုင်သေးဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။
ပုံစာ- ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အောင်မကျော်ရွာ နှင့် ဥယျာဉ်သာရွာ ပြမြေပုံ။
#Dailynews

