မိုးနှောင်းကာလမှာ မိုးကောင်းဦးမယ်လို့ မိုးဇလသတိပေး

မိုးနှောင်းကာလမှာ မိုးကောင်းဦးမယ်လို့ မိုးဇလသတိပေး

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း)

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းနေကာ တချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ဒီမနက်ပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။

ရန်ကုန်မြို့မှာတော့ မနေ့ကညပိုင်းကစပြီး ရွာသွန်းနေတဲ့မိုးက ဒီနေ့နေ့လယ်အထိ မြို့နယ်အများအပြားမှာ ရွာသွန်းဆဲလို့ လူမှုကွန်ယက်တွေမှာ တချို့က ရေးသားကြပါတယ်။

စက်တင်ဘာလတုန်းက ရေဘေးသင့်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာလည်း မနေ့ကညပိုင်းထဲက မိုးကောင်းနေတယ်လို့ ရေးသားကြပါတယ်။

အဲဒီတုန်းက ရေကြီးရေလျှံခဲ့ပြီး အခုထိရေပြန်မကျဆင်းသေးတဲ့ အင်းလေးကန် ဒေသမှာဆိုရင်လည်း မနေ့ကတည်းက ရွာနေတဲ့ မိုးကြောင့် ရေပြန်ပြီး မြုပ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စက်တင်ဘာ ရေဘေးကြောင့် အင်းလေးဒေသရဲ့ နာမည်ကျော်ဖောင်တော်ဦးဘုရားပွဲတော်ကိုလည်း ဒီနှစ်ဖျက်သိမ်းခဲ့ရတာပါ။

ဒီနှစ်မိုးနှောင်ရာသီထဲမှာ ရေဘေးသင့်ခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူမှာလည်း မနေ့ညကတည်းက ရွာနေတဲ့မိုးဟာ အခုအထိ မရပ်သေးဘူးလို့ ဒေသခံတချို့က လူမှုကွန်ယက်မှာ ရေးသားအသိပေးကြပါတယ်။

မိုးဇလရဲ့ ဒီနေ့ညနေပိုင်းထိ ခန့်မှန်းချက်က တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုပ်ရွာနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို့ ခန့်မှန်းထားတာပါ။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ထွန်းနေပြီး ဒီမိုးတိမ်တောင် ရွေ့လျားရာ နေရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ မိုးဇလက အသိပေးထားပါတယ်။

စက်တင်ဘာလတုန်းက ရေကြီးရေလျှံခဲ့တဲ့ အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး၊ ဘန်းယဉ်၊ ကျိုင်းတောင်၊ မောက်မယ် စတဲ့ဒေသတွေမှာ မိုးရေချိန်များနိုင်ပြီး မြေပြိုတာ၊ ရုတ်တရတ် တောင်ကျရေ ကျဆင်းတာ စတဲ့ သဘာဝဘေးတွေ သတိပြုဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။

အဲဒီတုန်းက မိုးဆက်တိုက်ရွာသွန်းတာကြောင့် နိုင်ငံအလယ်ပိုင်း နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စတဲ့ မြို့နယ်တွေ၊ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေ အပါအဝင် တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၄၀ နီးပါး ရေကြီးရေလျှံ ခဲ့ပါတယ်။
ဒီဖြစ်စဉ်အတွင်း ကလော၊ ရမည်သင်းလို ဒေသတွေမှာဆိုရင် တောင်ကျရေ ကျဆင်းတာကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ရပြီး တစ်နိုင်ငံလုံး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ရတာပါ။

ဒီနှစ် ဇူလိုင် ကနေ စက်တင်ဘာအထိ နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့‌ ရေဘေးတွေကြောင့် မြေဧက ၁၀ သန်းကျော် ရေလွှမ်းခံခဲ့ရပြီး အဲဒီအထဲက ဧက ရှစ်သန်းကျော်ဟာ စိုက်ပျိုးမြေတွေလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-MYANMAR က ထုတ်ပြန်ထားပါ တယ်။ နိုင်ငံတွင်းက မြို့နယ်ပေါင်း ၃၀၀ ကျော်အထိ ရေလွှမ်းခံထိခဲ့တယ်လို့ ဆိုပါတယ်။

ဒီရေဘေးတွေကြောင့် နိုင်ငံတစ်ဝန်းက လူဦးရေ ငါးဒသမခြောက်သန်းကျော်လည်း ရေဘေးသင့်ခဲ့ရပြီး ရာနဲ့ချီတဲ့ သေဆုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

ပုံစာ- ရန်ကုန်မြို့ ဒလ-ပန်းဆိုးတန်းကူးတို့ဆိပ်က ခရီးသွားသူတွေကို ဒီနေ့ မနက်ပိုင်းက တွေ့ရစဉ်။

ဓါတ်ပုံ- မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."